၁။ အချစ်မှာ မျက်စိမရှိဘူး
၂။ ချစ်ြခင်းအစ မျက်စိက
အဘိဓမ္မာသဘောတရားအရ အချစ်ဟူသည် တဏှာ ခေါ် လောဘတရား ဖြစ် ပါတယ်၊ နာမ်တရားဖြစ်ပါတယ်၊ သူက နှလုံးသားကို မှီတည်ပြီး ဖြစ်ပါတယ်...
မျက်စိဟူသည်မှာ အဓိကအားဖြင့် မျက်စိအကြည်ဓာတ်ဖြစ်ပါတယ်၊ ရုပ်တရားဖြစ်ပါတယ်၊ သူ့ကို မြင်သိစိတ်ကသာ မှီပါတယ်...
ယင်းရုပ်တရားဟာ တကယ်တော့ အဆင်းဆိုတဲ့ ရူပါရုံကို မြင်နိုင်စွမ်းမရှိ ပါဘူး၊ တကယ် မြင်နိုင်တာက သူ့ကို မှီနေ
တဲ့ မြင်သိစိတ်ကသာ မြင်နိုင်ပါတယ်....
(မြင်တာကို သိတဲ့ မြင်သိစိတ် ဖြစ်ဖို့အတွက် အင်္ဂါ ၄-ချက် လိုပါတယ်၊
၁။ စက္ခုပသာဒ လို့ခေါ်တဲ့ မျက်စိအကြည်ဓာတ်၊
၂။ အလင်း ရောင်ရှိခြင်း၊
၃။ မြင်စရာ အဆင်း၊
၄။ နှလုံးသွင်း မနသိကာရ ဤ ၄-ချက် လိုပါတယ်)
ဒါဆို ချစ်ခြင်းတရားသည် နှလုံးသားလို့ အများခေါ်ဝေါ်ကြတဲ့ ဟဒယဝတ္ထုကို မှီဖြစ်တတ်ပါတယ်။
ချစ်တဲ့အချိန်မှာ ချစ်စိတ်သာဖြစ်ပြီး မြင်တဲ့အချိန်မှာ မြင်သိစိတ်သာ ဖြစ်ပါတယ်...
တရားမတူပါဘူး၊ တစ်ခြားစီပါ၊ သူ့လုပ်ငန်း သူလုပ်ပါတယ်...
`ချစ်ခြင်းတရားဟာ ချစ်သာ ချစ်တတ်ပြီး၊ မျက်စိနဲ့ မြင်သိစိတ်ကလည်း မြင်ရုံသာ မြင်တတ်ပါတယ်´ပေါ့၊ အဲဒါကြောင့် “အချစ်မှာ မျက်စိမရှိဘူး”လို့ ဆိုကြတာပါ။
တစ်နည်းအားဖြင့် “မျက်စိ မရှိဘူး” ဆိုတာကို “ပညာမျက်စိမရှိတာ” ကို ယူဆမယ်ဆိုရင်လည်း အချစ်စိတ်မှာ ပညာတရားက ယှဉ်တွဲ မဖြစ်နိုင်သဖြင့် `အချစ်မှာ မျက်စိမရှိဘူး´ဟု ဆိုကြတာပါ။
နောက်တစ်ခု
စိတ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောမှ အဆင်ပြေပါတယ်...
ဥပမာ အဆင်းတစ်ခုကို မြင်ပြီးဆိုရင် မြင်တာကို သိတဲ့ မြင်သိစိတ်က အရင်ဖြစ်ပါတယ်..
တိုတိုပြောရရင် အဲဒီနောက် လက်ခံမှု စိစစ်မှု ဆုံးဖြတ်မှုဆိုတဲ့ စိတ် ၃-ခုဖြစ်ပြီးနောက် ဇောစိတ်တွေဖြစ်ပါတယ်.
ဇောဆိုရာမှာလည်း
၁။ အကုသိုလ်ဇော ၂။ ကုသိုလ်ဇော ဆိုတဲ့ နှစ်မျိုးသာ ပုထုဇဉ်တို့ သန္တာန်မှာ ဖြစ်ပါတယ်..
အဲဒီနေရာလေးမှာ အဓိကပါပဲ၊ မြင်ပြီးတဲ့ နောက်ပိုင်း အဲဒီ အာရုံအပေါ်မှာ ချစ်မှု မုန်းမှု တွေဝေမှုတွေ ဖြစ်ရင် အကုသိုလ်ဇောဖြစ်တယ်လို့ ဆိုရပါမယ်...
အဲလိုမဟုတ်ဘဲ စိတ်ကောင်းလေး နှလုံးသွင်းကောင်းလေး ထားလိုက်ရင် ကုသိုလ်ဇောတွေ ဖြစ်တယ်လို့ ဆိုရပါမယ်...
အဲဒီတော့ ကိုယ်စိတ်ကို သေသေချာချာ ပြန်သုံးသပ်ကြည့်ရင် အာရုံတစ်ခုကို မြင်လိုက်ဆဲအချိန်မှာ မြင်သိစိတ်သာ ဖြစ်နေပြီး နောက်ပိုင်း နှလုံးသွင်းမှုပေါ် မူတည်ပြီး ဇောစိတ်တွေ ဖြစ်နေတာကို တွေ့ရပါမယ်...
အဲဒီဇောစိတ်ဖြစ်တဲ့ နေရာမှာ
ချစ်ခြင်းတရားဖြစ်ရင်
၁။ အဲဒီချစ်ခြင်းတရားဟာ မျက်စိနှင့် မြင်သိစိတ်က မြစ်ဖျားခံခဲ့တာလို့ ဆိုနိုင်ပါတယ်၊ (ချစ်ခြင်းအစ မျက်စိကပေါ့ဗျာ)
အမုန်းတရားဖြစ်ရင်တော့
၂။ အဲဒီအမုန်းတရားဟာ မျက်စိနှင့် မြင်သိစိတ်က မြစ်ဖျားခံခဲ့တာလို့ ဆိုနိုင်ပါတယ်၊ ဒါဆို (မုန်းခြင်းအစ မျက်စိကပေါ့ ဗျာ)
တွေဝေမှုတရားဖြစ်ရင်တော့
၃။ အဲဒီတွေဝေမှုတရားဟာ မျက်စိနှင့် မြင်သိစိတ်က မြစ်ဖျားခံခဲ့တာလို့ ဆိုနိုင်ပါတယ်၊ ဒါဆို (တွေဝေမှုအစ မျက်စိက ပေါ့ဗျာ)
စိတ်ကောင်းလေး ထားလိုက်ရင် (ကောင်းတဲ့အတွေးလေး တွေးလိုက်ရင်)
၄။ အဲဒီ စိတ်ကောင်းလေး နှလုံးသွင်းကောင်းလေး (ကုသိုလ်ဇောစိတ်လေး) ဟာ မျက်စိနှင့် မြင်သိစိတ်က မြစ်ဖျားခံခဲ့တာလို့ ဆိုနိုင်ပါတယ်၊ ဒါဆို (စိတ်ကောင်းလေးအစ မျက်စိကပေါ့ဗျာ)
ကဲ ဒါဆို မြင်ခြင်းရဲ့ အခြားတစ်ဖက်မှာ ချစ်ခြင်းတရားသာ ဖြစ်နိုင်တာမဟုတ်၊ အမုန်းတရားလည်း ဖြစ်နိုင်တာပဲ၊ တွေဝေမှုတရားလည်း ဖြစ်နိုင်တာပဲ၊ စိတ်ထားကောင်းလေး (ကုသိုလ်ဇောစိတ်လေး)လည်း ဖြစ်နိုင်တာပဲ၊ ကိုယ့်စိတ်ထားပေါ် မူတည်နေတာပဲလေ။
နောက်ပြီး
အသံတစ်ခုကို ကြားနေဆဲအချိန်မှာလည်း ကြားသိစိတ်သာ ဖြစ်ပါတယ်၊
အနံ့တစ်ခုကို နမ်းရှုနေဆဲအချိန်မှာလည်း နံသိစိတ်သာ ဖြစ်ပါတယ်။
အရသာတစ်ခုကို ခံစားနေချိန်မှာလည်း ရသာသိစိတ်သာ ဖြစ်ပါတယ်။
အတွေ့အထိကို ခံစားနေချိန်မှာလည်း ထိသိစိတ်သာ ဖြစ်ပါတယ်။
အဲဒီစိတ်တွေရဲ့ အခြားတစ်ဖက်မှာလည်း စောစောက ပြောခဲ့သလို ဇောများစောနိုင်ပါတယ်..
ဒါဆို ကြားသိစိတ်ရဲ့ နောက်မှာ ချစ်ခြင်းတရားဖြစ်ရင် `ချစ်ခြင်းအစ နားက´ကလို့လည်း ပြောနိုင်ပါသေးတယ်..
နံသိစိတ်ရဲ့ နောက်မှာ ချစ်ခြင်းတရားဖြစ်ရင် `ချစ်ခြင်းအစ နှာခေါင်းက´လို့
ရသာသိစိတ်ရဲ့ နောက်မှာ ချစ်ခြင်းတရားဖြစ်ရင်`ချစ်ခြင်းအစ လျှာက´လို့
ထိသိစိတ်ရဲ့ နောက်မှာ ချစ်ခြင်းတရားဖြစ်ရင် `ချစ်ခြင်းအစ ကိုယ်ခန္ဓာက´လို့ လည်း အသီးအသီး ခေါ်ဆိုနိုင်ပါသေးတယ်၊ ကျန်ဇောများ ဖြစ်ရင်လည်း ဘယ်လို နာမည်ပေးရမယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ်။
အဲဒီတော့
၁။ မြင်ပြီး ချစ်သွားရင် `ချစ်ခြင်းအစ မျက်စိက´
၂။ ကြားပြီး ချစ်သွားရင် `ချစ်ခြင်းအစ နားလေးက´
၃။ နမ်းရှုပြီး ချစ်သွားရင် `ချစ်ခြင်းအစ နှာခေါင်းက´
၄။ အရသာကို ခံစားပြီး ချစ်သွားရင် `ချစ်ခြင်းအစ လျှာလေးက´
၅။ ထိတွေ့ပြီး ချစ်သွားရင် `ချစ်ခြင်းအစ ကိုယ်ခန္ဓာက´
ဆိုပြီး အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲမှု ရှိနိုင်ပါတယ်၊ သူ့ဟာနဲ့ သူတော့ မှန်နေပါတယ်။။
ဒါကြောင့် `ချစ်ခြင်းအစ မျက်စိက´ ရယ်လို့တော့ ပုံသေမပြောနိုင်ပါဘူး။။
နောက်ဆုံး နိဂုံးချုပ်ရရင်-
၁။ `ချစ်ခြင်းအစ မျက်စိက´ ဆိုတဲ့ စကားဟာ မြစ်ဖျားခံတာကို စွဲပြီး (သွယ်ဝိုက်) သုံးစွဲကြတဲ့ စကားဖြစ်ပါတယ်။
၂။ `အချစ်မှာ မျက်စိ မရှိဘူး´ဆိုတဲ့ စကားဟာ တရားချင်း မတူမှု၊ အတူယှဉ်တွဲ မဖြစ်နိုင်မှုများကို စွဲပြီး (တိုက်ရိုက်) သုံးစွဲကြတဲ့ စကားဖြစ်ပါတယ်။...လို့ ။