ချမ်း မြေ့ ပါ စေ...

Thursday, 3 June 2010

ရေစီး ဖောင်ဆန် စကားပြောနည်း (၃)


လှေ၊ ဖောင်များ မြစ်ညာသို့ ဆန်တက်သောအခါ လိုအပ်သမျှ ပစ္စည်းများကို တင်ဆောင်ပြီး ရေစီး ရေလာ ရေကြောင်း သွားလာမှုကို ကြည့်ကာ ဖြည်းညှင်းသာယာစွာ ဆန်တက်ပါက လိုရာခရီး ရောက်နိုင်သလို စကား ပြောဆိုရာတွင်လည်း အများနားထောင်ရတာ ခံသာ နားလည်အောင် ဥပမာ ဥပမေယျများနဲ့ လိုရာရောက် အောင် ဖြည်းညှင်းသာယာစွာ ပြောဆိုခြင်းသည် ““ရေစီး ဖောင်ဆန် စကားပြောနည်း““မည်ပါသည်။
ရေစီးဖောင်ဆန် စကားပြောနည်းကို ဥပမာပြရသော်-
ဒွါရာဝတီဘုရင်မင်းသည် တနင်္သာရီသို့ စစ်မက်ချီစဉ် ခဏစခန်းချနေကြောင်း ရာဇာဓိရာဇ်ဘုရင် သိသဖြင့် တနင်္သာရီသို့ စစ်ချီခြင်းအား သည်းခံပါရန် တောင်းပန်စကား ပြောဆိုလိုသဖြင့် ပညာရှိအမတ်တစ်ဦးကို သဝဏ်လွှာစာပို့ စေလွှတ်ခဲ့ပါသည်။
ထိုစာကို ဒွါရာဝတီမင်း ဖတ်ရသောအခါ စကားလုံးသုံးရာတွင် “အဆွေတော်” ဟု သုံးထားသည်ကို မနှစ်သက် သောကြောင့် အမျက်ဒေါသ ထွက်လေသည်။
ဒွါရာဝတီမင်း၏ ထင်မြင်ချက်မှာ အချင်းချင်းဖြစ်၍ ““အကြည်တော်” ဟူသော စကားလုံးသုံးတာကို လက်ခံလို စိတ် ရှိဟန်တူပါသည်။
ထိုအနေအထားကို သိမြင်သည့် ရာဇာဓိရာဇ်မင်း၏ အကင်းပါးသော ပညာရှိအမတ်က “အဆွေတော်” ဟူသော စကားလုံးသုံးခြင်းသည် ရှေးကျမ်းဂန်များ အစဉ်အလာအရ မည်မျှအဆင့်မြင့်မြတ်လှကြောင်းကို လျှောက်ထားခဲ့ သည်မှာ-
““မင်းမဖြစ်သေးသူ အချင်းချင်း ပြောဆိုဆက်ဆံကြရာဝယ် “အကြည်တော်” ဟုသာ သုံးစွဲခဲ့ကြပါသည်၊ ဧကရာဇ် မင်းဖြစ်သူ အချင်းချင်း “အဆွေတော်”ဟု သုံးစွဲခဲ့ကြပါသည်”” ဟု ရှေးထုံးသာဓကဖြင့် ဒွါရာဝတီမင်း နားဝင် အောင် လျှောက်ထားပြလေသည်။
ဒွါရာဝတီမင်းလည်း ရာဇာဓိရာဇ်မင်း၏ ပညာရှိအမတ်လျှောက်ထားချက်ကို လွန်စွာနှစ်ထောင်းအားရကာ ချီးမြှောက်မှုပြုခဲ့ပါသည်။
ဤသို့ စကားပြောရာတွင် တစ်ဖက်သား နားဝင်အောင် လိမ္မာပါးနပ်စွာ ပြောဆိုခြင်းမျိုးကို ““ရေစီး ဖောင်ဆန် စကားပြောနည်း”” ဟု မြန်မာတို့ ဆိုစမှတ် ပြုခဲ့ကြပါသည်။

No comments:

Post a Comment