ပို့စ်တင်သူ၏ အမှာ.....
စာရေးသူဟာ ထေရဝါဒ ဗုဒ္ဓသာသနာ့ဝန်ထမ်းဖြစ်ပါတယ်၊ ပြီးတော့ တတ်နိုင်သလောက်လည်း သာသနာ့တာဝန်များကို ထမ်းဆောင်နေပါတယ်၊ သို့ဖြစ်၍ သာသနာနှင့် ပတ်သက်၍ ဗဟုသုတများကို လက်ဆင့်ကမ်း ဖြန့်ဝေပေးချင်ပါတယ်။
အထူးသဖြင့် 'ရဟန်းခံ အကြောင်း ရှင်ပြုအကြောင်း' တွေကိုပေါ့၊ ဒီအကြောင်းတွေကို ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်ပင်
ကျကျနန သိဖို့ မလွယ် ပါဘူး၊ သိထားဖို့တော့
လိုမယ်ထင်ပါတယ်၊ ဒါ့ကြောင့် ကျေးဇူးတော်ရှင် ဆရာ တော်ဘုရားကြီး (စာရေးသူ မွေးပြီး ၃-နှစ်အကြာမှာ) ရေးသားတော်မူခဲ့သော ဤ 'ရဟန်းခံ ရှင်ပြုအကြောင်း သိကောင်စရာ' ဆိုတဲ့ စာအုပ်ကိုပဲ ပြန်လည် ဖောက်သည်ချဖြန့်ဝေပေးဖို့ စိတ်ကူးမိလာပါတယ်၊ မူရင်းစာအုပ်လေးက ၁-နာရီလောက် ဖတ်ရုံနဲ့ ဖတ်လို့ ပြီးနိုင်ပြီး နားလည်ဖို့ လွယ်ကူတဲ့ စာအုပ်လေး ပါ။ မူရင်းအရသာမပျက်စေဖို့ ဆရာတော့်ရေးမူ အတိုင်းပဲ တင်ပေးလိုက်ပါ တယ်...။
ကဲ ဗုဒ္ဓသာသနာ့ဝန်ထမ်း ရှင် ရဟန်းများအကြောင်း သိရှိဖို့ အခွင့်ကောင်းကြီး ကြုံနေပါပြီ.....၊ ။
““ရဟန်းခံ ရှင်ပြုအကြောင်း သိကောင်းစရာ””
(အရှင်တိလောကာဘိ၀ံသ၊ အင်းစိန်)၏
နိဒါန်း.....
ကမ္ဘာအသင်္ချေ လွန်လေသော်လည်း တစ်ခါတစ်ရံမျှ တွေ့ကြုံဆုံဆည်းဖို့ ခဲယဉ်း လှသော ဗုဒ္ဓုပ္ပါဒ ဒုလ္လဘအခါနှင့်တွေ့ကြုံရသော ယနေ့ ကမ္ဘာသူ ကမ္ဘာ သားများသည် အလွန်မတန် ကံထူးသူများ ဖြစ်ကြသည်။
ကံထူးလို့ တွေ့ကြုံကြရသော ဗုဒ္ဓသာသနာတော်ကြီး
လက်လွတ် ဆုံးရှုံး မသွားဖို့ရန် ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိနေပါသည်၊ တာဝန်ကို သိသော မြန်မာနိုင်ငံအတွင်းရှိ အစိုးရနှင့်တကွသော
ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့် ပွါးရေးကို ယနေ့ အချိန်အခါမှာ တာဝန်ကိုယ်စီယူ၍ ဆောင်ရွက်နေကြပါ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးရှိ ရဟန်း ရှင် လူ ပြည်သူ အားလုံးတို့၏ ကိုယ်စား နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည်-
၁။ သာသနာတော် သန့်ရှင်းရန် ၀ိနိစ္ဆယအဖွဲ့၊
၂။ တည်တံ့ရန် သာသနာရေးအဖွဲ့၊
၃။ ပြန့်ပွါးရန် ပညာရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါသည်။
မဟာနာယက လက်အောက်ရှိ ပညာရေးအဖွဲ့များကလည်း ပြည်တွင်း ပြည်ပ တစ်ကမ္ဘာလုံးအနှံ့ သာသနာဖြန့်နိုင်ရန်
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္က သိုလ် ဖွင့်လှစ်၍ စီမံကိန်းတစ်ခုအကောင်အထည် ဖော်ဆောင်ရွက်နေပါသည်။
ထိုစီမံကိန်း အောင်မြင်ရန် ၆-လ ဆရာလောင်း မွမ်းမံသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်၊
ယင်းသင်တန်းမှာ သင်တန်းဆင်း နောက်ဆုံးစာမူအဖြစ် သင်တန်းသားများ ကို စာတမ်းများ ကျမ်းပြုခိုင်း ပြီး အကဲဖြတ်ပါသည်၊ ထိုမှ ရင်းမြစ်ခံပြီး ယခု စာတမ်းဖြစ်ပေါ်လာရပါသည်။
တစ်ချိန်က အာရှတိုက်ကြီး တစ်တိုက်လုံးကို လွှမ်းခြုံခဲ့သော ဗုဒ္ဓသာသနာ တော်ကြီးသည် ယခုအချိန်မှာ အလွန်သေးငယ် ကျဉ်းမြောင်းနေပါပြီ၊ အကြောင်းကို ရှာလျှင် သာသနာတွင်း အင်အားစုများဖြစ်သည့် ရှင် ရဟန်း တို့၏ ချို့ယွင်းချက်လည်း အဓိက အကြောင်းတစ်ခု ပါ၀င်ပါသည်။
ရှင် ရဟန်းများ အရေအတွက်များဖို့ လိုအပ်သလို အရည်အချင်းရှိဖို့က ပို၍ လိုအပ်ပါ သည်။
အရည်အချင်းဆိုသည်မှာ-
၁။ ပါသာဒိကဂုဏ်ကို ဆောင်သော '' သွင်ပြင်''
၂။ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာနှင့် ယှဉ်သော
ကြီးမြတ်သည့် ''ဗိုလ်စိတ်ဓာတ်''
၃။ ဘက်စုံ '' ပညာဗဟုသုတ''
၄။ ဒုက္ခကင်းရေးကို ဦးတည်ချက်ထားသော '' အကျင့်သိက္ခာ''
ဤအရည်အချင်းများ ရှင် ရဟန်းတို့ သန ္တာန်မှာ ပြည့်ဝနေလျှင်
ဗုဒ္ဓသာသနာတော်သည် ကမ ္ဘာအသချေင်္မကပင် တည်နိုင်ပါသည်။
ထိုအရည်အချင်းများနှင့် ပြည့်ဝသော ရှင် ရဟန်းများ ရဘို့ရန်မှာ-
၁။ လူတော်လူကောင်းများ ရှင် ရဟန်းပြုချင်လာအောင် စည်းရုံးမှု၊
၂။ စနစ်တကျ စိစစ်လက်ခံမှု စသည်အချက်များ လိုအပ်ပါသည်။
ထိုအချက်များအတွက် အခြေခံအုတ်မြစ်ဖြစ်စေရန်
ဤစာတမ်းက အထောက်အကူ ပြုပါလိမ့်မည်။
''ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော (ရဟန်းဘဝ ရဖို့ မလွယ်) ''ဟု
ဘုရားဟောရှိသော်လည်း ယခုခေတ်မှာ 'သုလဘ (ရဟန်းဘဝ ရဖို့လွယ်)' ဖြစ်နေခြင်းကြောင့် အထင်မကြီးတော့၊
သာသနာဝင်ပုဂ္ဂိုလ်အဖြစ် စိစစ် လက်ခံမှုအပိုင်း အားနည်းမှုကြောင့် သာသနာ့ဝန်ထမ်းများ အဖက်ဖက်က နိမ့်ကျနေပါသည်။
ဘုရားရှင်၏ အာဏာ ဒေသနာတော်အစွမ်းကြောင့် ထိပ်ဆုံးအဆင့်သို့ ရောက်ခဲ့ကြသူ ရှင်ရဟန်းအချို့ကလည်း အခွင့်အာဏာကို အလွဲသုံးစား လုပ်နေကြသဖြင့် သာသနာတော် ပို၍ နစ်နာရပါသည်။
ရပိုင်ခွင့်ကိုသာ ယူပြီး တာဝန်ကျေအောင် မထမ်းဆောင်နိုင်သောသူသည် ''ကတညုတာ''မင်္ဂလာ မထိုက်၊ လူမိုက်သာ ဖြစ်သည်၊ တာဝန်ကျေအောင် မည်သို့ ဆောင်ရွက်သင့်သည်ကို ဤစာတမ်းမှာ အပိုင်း ၄-ပိုင်း ခွဲ၍ တင်ပြ ထားပါသည်။
ယင်းတို့မှာ-
၁။ ရှင် ရဟန်းပြုကြခြင်း အကြောင်းရင်းနှင့် ခွင့်ပြုတော်မူပုံ
၂။ ရှင် ပြုခြင်းဆိုင်ရာ အကြောင်း
၃။ ရဟန်းပြုခြင်းဆိုင်ရာ အကြောင်း
၄။ ရဟန်းရှင်တို့၏ တာဝန်ဝတ္တရားများနှင့် ပန်းတိုင်- ဤ ၄-ပိုင်းတို့ ဖြစ်ပါ သည်။
အကြောင်းအရာတိုင်းကို သမားရိုးကျ ပုံစံအတိုင်း မဖြစ်စေဘဲ သဘောပေါက် နားလည်လွယ်အောင် ဆန်းသစ်သောပုံစံဖြင့် တင်ပြထားပါသည်။ ၀ိနည်းလမ်းကြောင်းပေါ်မှာ သုတ္တန်, အဘိဓမ္မာလောင်း၍ ခြယ်မှုန်းထားခြင်း သာ ဖြစ်ပါသည်။
မှန်၏၊ ၀ိနည်းကြောင်းများကို ၀ိနည်းရှုထောင့်မှ ကြည့်လျှင် ပြောတိုင်း လုပ်၊ ထားတိုင်း နေဖို့ရန်သာ ရှိလေသည်၊ ဘာမျှ စောဒကများ တက်နေစရာ မလို၊ အာဏာ ဒေသနာဖြစ်သဖြင့် စောဒကတက်၍ မရပါ။
အာဏာဒေသနာကို စောဒကတက် ဆင်ခြေပေးကာ ကန့်လန့် တိုက်မိလို့ အာဏာဝီတိက္ကမန ္တရာယ် ရှပြီး မရှုမလှ ဒုက္ခရောက်ရသော '' အရိဋ္ဌရဟန်း' နှင့် ''ကိုရင် ကဏ္ဍက'' တို့ နမူနာကလည်း အထင်အရှား ရှိနေသည်။
၀ိနည်းလာ အမိန့်အာဏာ ပညတ်ချက်များသည် သုတ္တန်, အဘိဓမ္မာ မီးမောင်း ဆလိုက် ထိုးပြလိုက်မှ ပေါ်လွင် ထင်ရှား လာပါသည်။
ဗုဒ္ဓ၏ ကရုဏာတော် ပညာတော် အစွမ်းများသည်လည်း အံ့မခန်း ချီးမွမ်းဖွယ် ရာ ပေါ်လွင်လာပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အလိုတော် ကရုဏာတော် ပညာတော် စွမ်းပကား များ ပေါ်လွင်အောင် တင်ပြထားပါသည်၊ နိဂုံးမှာလည်း ဤစာအုပ်ကို ဖတ်ရှု ပြီး ဆုံးဖြတ်ထားကြပါ ဟုသာ တိုက်တွန်း လိုပါသတည်း။
အရှင်တိလောကာဘိ၀ံသ(အင်းစိန်)
၁၃၄၆-ခု၊ ကဆုန်လပြည့်ကျော် ၁၁-ရက်၊ (၂၅၊ ၅၊ ၁၉၈၄) သောကြာနေ့
==============================================
အလိုအပ်ဆုံးသော အရာ
လူ နတ် တိရစ္ဆာန် စသော သတ္တဝါတိုင်း၏ အလိုအပ်ဆုံးသော အရာကား ဆင်းရဲခြင်းကင်းဖို့ပင်ဖြစ်၏၊
ဆင်းရဲဒုက္ခကို မည်သည့်သတ္တဝါမဆို အလို မရှိကြ၊ ရှောင်ကွင်းလိုကြ၏၊ သို့သော် မလိုချင်မှ ရဆိုသလို မဆုံလိုသော ဒုက္ခနှင့် ရင်ဆိုင်တိုးပြီး ပြေးရှောင်လို့ မလွတ်နိုင်ကြပေ။
ဒုက္ခကင်းရေးကို နည်းလမ်းညွှန်ပြသူတို့တွင် အထွတ်မြတ်ဆုံးဖြစ်သည့် မြတ်စွာဘုရားက``မြတ်သော အကျင့် (ဗြဟ္မစရိယ)ကို
ကျင့်ကြံ အားထုတ် လျှင် ဒုက္ခကင်းငြိမ်းနိုင်ကြောင်း´´ ဟောကြားတော်မူခဲ့ သည်။
ဒုက္ခကင်းရန် ဗြဟ္မစရိယကို ကျင့်ကြံဖို့ အရေးမှာလည်း အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသူတို့ ပြည့်စုံအောင် မကျင့်ဆောင်နိုင်ကြပေ၊ အိမ်ရာတည်ထောင် လူ့ဘောင်၌နေရခြင်းသည် အသီးကြောင့် ပစ်ခတ်ခြင်း၊ ချိုးဖဲ့ခြင်း စသည့်ဘေးဒဏ်ခံရသော သရက်ပင်ကဲ့သို့ ဘေးရန် များလှ၏၊ သားရေး သမီးရေး စီးပွါးရေး စသော ကြောင့်ကြဖွယ်တို့ဖြင့်
ရှုတ်ထွေး ကျဉ်းမြောင်းလှ၏၊ ဆိတ်ငြိမ်ရာကို မရနိုင်။
ရှင် ရဟန်းဘဝကား အသီးမသီးသော သရက်ပင်ပမာ အန ္တရာယ်ကင်း၍ အေးငြိမ်းလှသည်၊ အလို နည်းခြင်း ရောင့်ရဲ လွယ်ခြင်း စသော အကြောင်းများကြောင့် ရဟန်းဘဝဖြင့် ပြုလုပ်ရသော လုပ်ငန်းသည် လျင်မြန်စွာ ပြီးမြောက်နိုင်သည်၊ ထို့ကြောင့် လူ့ဘောင်ကို ရှောင်ခွါ ၍ သာသနာ့ဘောင်၌ ရှင် ရဟန်းပြုကြသည်။
သမဏသုခများ (ရဟန်းချမ်းသာများ)
ရှင် ရဟန်းဘဝသည် ဥစ္စာ စပါး သိမ်းဆည်းရမှု မရှိခြင်း၊ အပြစ်ကင်းသော ဆွမ်းကို ရှာမှီးရခြင်း၊ အေးငြိမ်းသော ဆွမ်းကို သုံးဆောင် ရခြင်း စသော ၈-မျိုးသော သမဏသုခတို့ဖြင့် ချမ်းသာအေးမြလှ၏၊ လွင်တီးခေါင်ပမာ အငြိအတွယ်မရှိ၊ လွတ်လပ်သည်။
သာသနာ့ဝန်ထမ်း (၂) မျိုး...
အိမ်ထောင်သားမွေး အလုပ်စွန့်၍ ဖန်ရည်စွန်းသော အဝတ်ကို ၀တ်လျက် ဗြဟ္မစရိယ ကျင့်သူများကို-
၁။ ရှင်သာမဏေ
၂။ ရဟန်း - ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်၊
ခေတ်စကားအရဆိုလျှင် ရဟန်း သည် တင်းပြည့်ပါတီဝင်ဖြစ်၍ သာမဏေ (ကိုရင်)သည် အရန်ပါတီဝင်ဖြစ်သည်၊ မှန်၏၊ သာမဏေသည် ရဟန်းတို့၏ ကံကြီး ကံငယ် ကိစ္စတို့၌ မပါ၀င်နိုင်ပါ။
ရှင် ရဟန်းဖြစ်ဖို့ အရည်အချင်း..
အရာရာတိုင်းမှာ အရည်အချင်း လိုအပ်သည်၊ အရည်အသွေး စံမမီသော ပစ္စည်းဝတ္ထုကိုဖြစ်စေ၊ ပုဂ္ဂိုလ်သတ္တဝါတို့ကို ဖြစ်စေ၊ အသုံးမပြုလိုကြ၊ အများအကြည်ညိုခံ အကိုးကွယ်ခံ ရှင် ရဟန်းတို့အတွက်ကား
အရည်အချင်းပြည့်မီဖို့ ပို၍ပင် လိုအပ်ပေသည်။
ရှင်တော်ဗုဒ္ဓသည် တစ်လောကလုံးက လေးစားလောက်သော အရည်အချင်း ပြည့် သံဃာ့အဖွဲ့အစည်းကြီးကို စနစ်တကျဖွဲ့စည်းထူထောင်ခဲ့သည်၊ ရှင်ရဟန်း ပြုလိုသူတိုင်းကို မြတ်စွာဘုရားက လက်မခံခဲ့၊
သာသနာဝင်ပုဂ္ဂိုလ် စိစစ်ရေး လွယ်ကူစေရန် စည်းကမ်းများကို စနစ်တကျ ချမှတ်ပေးခဲ့သည်။
ရှင် ရဟန်းဖြစ်ခွင့် လုံးဝမရထိုက်သူ ၁၁-ဦးကိုလည်းကောင်း၊ ရှင် ရဟန်းဖြစ် နိုင်သော်လည်း မသင့်လျော်သူ ၃၂-ဦးကိုလည်းကောင်း ရှင် ရဟန်းပြုမပေး ရန် ပညတ်ထားတော်မူ၏၊ မြတ်စွာဘုရားသည် ကြည်ညိုဖွယ် ပါသာဒိကဂုဏ် ကို ဆောင်နိုင်သော ပရိသတ်ကိုသာ လိုလားတော်မူ၏၊ သူများအထင်သေး စရာ အို နာ ကျိုး ကန်း ပရိသတ်များ မဖြစ်စေလို။
ဘုရားလက်ထက်က သာသနာ့ဘောင်ဝင်လိုသူတိုင်းကို စိစစ်မှုမရှိဘဲ လွယ် လွယ်နှင့် ရဟန်းပြု ပေးနေကြသဖြင့် သာသနာ့ဘောင်မှာ အနာကြီးရောဂါစွဲ သူ၊ မြင်းဖုအနာရှိသူ၊ စသည်ဖြင့် စက်ဆုပ်ဖွယ် ပုဂ္ဂိုလ်တို့ တင်းကျမ်းပြည့်နေ သည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကြည်ညိုဖွယ်မကောင်းသည့် စက်ဆုပ် ဖွယ်ပုဂ္ဂိုလ်တို့ကို ရှင် ရဟန်း မပြုပေးဖို့ရန် သိက္ခာပုဒ်များ ပညတ်တော်မူခဲ့ရုံ မက ရဟန်းခံသည့်အခါ စစ်ဆေးမေးမြန်းဖို့ရန်လည်း ခွင့်ပြုတော်မူခဲ့ပါသည်။
ရဟန်းပြုနိုင်သော အရွယ်ပမာဏ...
အလွန်မတန် ငယ်ရွယ်သူများသည်
မိမိခန္ဓာကိုယ်ကို မိမိကိုယ်တိုင် မသုတ် သင်နိုင်၊ မစောင့်ရှောက်နိုင်၊ သင်္ကန်း ရိုသေမှု၊ ကျင့်ဝတ်သီလ စောင့်ထိန်းမှုကို လည်း မစွမ်းဆောင်နိုင်၊ ထို့ကြောင့် မြတ်စွာဘုရားသည် အလွန်မတန် ငယ် ရွယ်သူများကို ရှင် ရဟန်း ပြုမပေးဖို့ ရန် သိက္ခာပုဒ်များ ပညတ်တော်မူသည်၊ လိုအပ်လျှင် ၁၅-နှစ် အောက်ငယ်စေ ကာမူ ရှင်ပြုပေးနိုင်ကြကြောင်းကိုလည်း ခွင့်ပြုတော်မူခဲ့သေးသည်၊ သို့သော် ကျင့်ဝတ်သိက္ခာ လိုက်နာ ကျင့်သုံးနိုင်လောက်သော အရွယ် ဖြစ်သင့်ပါသည်၊ အိုမင်း မစွမ်း (ဇရာဒုဗ္ဗလ) အရွယ်သို့ ရောက်နေသူ အဖိုးအိုများကိုလည်း ရှင် ရဟန်း မပြုပေးရဟု ပညတ်တော်မူ ခဲ့သည်။
အိုမင်းမစွမ်းဆိုသည်မှာ-
သင်္ကန်းဆိုးမှု စသော လုပ်ငန်းများကို ကိုယ်တိုင် မလုပ်နိုင်သူကို ဆိုလိုသည်၊ မိမိကိုယ်ကို သုတ်သင်နိုင်သူကိုကား ရှင် ရဟန်း ပြုပေးကောင်းသည်။
ရဟန်းပြုခွင့် အရွယ်ကိုကား အနည်းဆုံး ပဋိသန္ဓေနှင့်တကွ အသက် ၂၀-ပြည့်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်၊ အသက် ၂၀- မပြည့်သူများသည် အချမ်း အပူ နှင့် ဆာလောင်မွတ်သိပ်မှု စသော ဘေးရန်များကို သည်းခံနိုင် စွမ်း မရှိကြပေ။
ပဗ္ဗဇိတ အမျိုးမျိုး...
သာသနာ့ဘောင်သို့ ၀င်ရောက်၍ ရှင် ရဟန်းပြုလိုသူများ၏ ရည်ရွယ်ချက်ကို အမျိုးမျိုး တွေ့ရသည်၊ သံသရာဝဋ်မှ ထွက်မြောက်လို၍ ရဟန်းပြုကြသည် လည်း ရှိသည်၊
တချို့မှာ ရှင်သုဒိန်, ရှင်ရဋ္ဌပါလတို့ကဲ့သို့ ယုံကြည်ချက် ပြင်းပြစွာဖြင့်
ရှင် ရဟန်းပြုကြသော သဒ္ဓါ ပဗ္ဗဇိတများ ဖြစ်ကြသည်၊
တချို့မှာလည်း ရှင်မောဂ္ဂလိပုတ္တ တိဿထေရ်၊ ရှင်နာဂသေနထေရ်၊ ရှင်မဟာ ဗုဒ္ဓဃောသတို့ ကဲ့သို့ ပညာသင် ကြားလိုသော ရည်ရွယ်ချက်ဖြင့် ရှင် ရဟန်း ပြုကြသော ပညာပဗ္ဗဇိတများ ဖြစ်ကြသည်၊
ရည်ရွယ်ချက်မရှိဘဲ ကိုရင်အဖြစ်ဖြင့် အသက် ၂၀-ပြည့်လို့ ရဟန်းအဖြစ်သို့ ရောက်လာကြသော ဖာသာလဝါ (မိရိုးဖလာ) ပဗ္ဗဇိတများနှင့် ကြောက်၍
ရှင် ရဟန်းပြုကြသော ဘယာ ပဗ္ဗဇိတများလည်း ရှိကြသေးသည်။
သာသနာ့ဘောင် ၀င်ရောက်ပြီး အချောင်နေသူများကို ရည်ရွယ်၍-
``အိပ်လိုရဟန်း၊ စားလိုမှန်း၊ ပုစ္ဆန်း လုပ်ပါလေ ´´ ဟူ၍ ကဝိလက္ခဏ သတ်ပုံ ဆရာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။
ရှင် ရဟန်းလောင်း ပြုကြခြင်း၏ ရည်ရွယ်ချက် အမျိုးမျိုးရှိသော်လည်း မြတ်ဗုဒ္ဓ အလိုကျအောင်-
``သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ (သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရှင် ရဟန်းဘဝကို တောင်းခံပါသည် ဘုရား)´´ ဟူ၍ ရှေး ဆရာများ စီစဉ်ထားပါသည်။
ရှင် ရဟန်းအဖြစ် ခွင့်ပြုတော်မူခြင်း....
မြတ်စွာဘုရားသည် ဘုရားဖြစ်စ၌ ရဟန်းပြုလိုသူများကို
`ဧဟိ ဘိက္ခု´ ခေါ် ၍ ကိုယ်တော်တိုင် ရဟန်းပြုပေးတော်မူသည်၊
ဧဟိဘိက္ခု ရဟန်းဖြစ်ဖို့ လုံလောက်သော ရှေးဘုန်းရှေးကံပါသူ
အနည်းဆုံး သောတာပန်အဆင့်ရှိသည့် အရိယာပုဂ္ဂိုလ်မျိုးကိုသာလျှင်
`ဧဟိ ဘိက္ခု´ ခေါ်၍ ရဟန်းပြုပေးပါသည်၊
ဘုရားလက်ထက်က ဧဟိဘိက္ခု ရဟန်းပေါင်း (၂၈၆၄၁) နှစ်သောင်း ရှစ်ထောင် ခြောက်ရာ လေးဆယ့် တစ်ပါးရှိသည်။
နောင်အခါ အနယ်နယ် အရပ်ရပ်တိုင်း၌ ရှင်ရဟန်းပြုဖို့ လွယ်ကူစေရန် ``သရဏဂုံသုံးပါး ဆောက်တည်စေ၍ ရှင်ရဟန်းပြုပေးကြ´´ဟု
ရဟန်းတော်များကို တာဝန်ခွဲဝေပေးလိုက်သည်၊
ထိုအချိန်မှစ၍ သရဏဂုံ သုံးပါး ဆောက်တည်စေခြင်းဖြင့်ပင် ရှင်ပြုခြင်းကိစ္စ၊ ရဟန်းပြုခြင်း ကိစ္စ၊ နှစ်မျိုး လုံးကို ရဟန်းတော်များ ပြုလုပ်ပေးကြသည်၊ ဤသရဏဂုံဖြင့် ရဟန်းဖြစ်သူများကို သရဏဂမနရဟန်း ဟု ခေါ်သည်။
တစ်ဖန် ရာဓပုဏ္ဏား ရဟန်းပြုချိန်မှစ၍ သရဏဂုံဖြင့် ရဟန်းပြုခွင့်ကို ရုပ်သိမ်း ၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးရန် ခွင့်ပြုတော်မူသည်၊ ဉတ္တိစတုတ္ထ ကမ္မဝါစာ ခွင့်ပြုချိန်သည် ဘုရားဖြစ်ပြီးနောက် ၉-လကျော် ၁၀-လ အတွင်း (မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နှင့် တပေါင်း လပြည့်တို့အကြား) ဖြစ်သည်။
ထိုအချိန်မှ စ၍ ယနေ့တိုင်အောင် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးခွင့် တည်ရှိနေသည်၊ ရှင် သာမဏေပြုခွင့်ကိုကား သရဏဂုံဖြင့်ပင် မူလအတိုင်း ဆက်လက် ခွင့်ပြုထားသည်။
ထူးခြားချက်......
ထူးခြားချက်မှာ-
သရဏဂုံဖြင့် ရဟန်းပြုပေးခြင်း၌ ရဟန်းတစ်ပါးတည်းက သူ့ဆန္ဒအတိုင်း ရဟန်းလောင်းကို ရဟန်းပြုပေးနိုင်သည်။
ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးရာ၌ကား သံဃာ့အဖွဲ့ကသာ ရဟန်း ပြုပေးနိုင်ခွင့်ရှိသည်။
ရဟန်းပြုပေးနိုင်သော သံဃာ့အဖွဲ့ဟူသည်
အိန္ဒိယပြည် မဇ္စျိမ ဒေသ၌ အနည်းဆုံး ၁၀-ပါး၊ သီရိလင်္ကာ မြန်မာ- စသော အခြားအရပ် ဒေသများ၌ အနည်းဆုံး ၅-ပါးတက်ရောက်သည့် သံဃာ့အစည်း အဝေးတွင် ပါ၀င်သော သံဃာများဖြစ်သည်။
ထိုအစည်းအဝေးသို့ သက်ဆိုင် ရာ နယ်နိမိတ် (သိမ်) တစ်ခုအတွင်းရှိ သံဃာ အားလုံးသော်လည်း တက်ရောက်ရသည်၊ ဆန္ဒကိုသော်လည်း ရယူရသည်၊
ထိုအစည်းအဝေးသို့ တက်ရောက်သူ သံဃာအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုပေးမှသာ ရဟန်းလောင်း၏ ရဟန်းအဖြစ် အတည်ဖြစ်တော့သည်။
ရှင်ပြုပုံ အစီအစဉ်...
ရှင်ပြုရာ၌ လိုရင်းအင်္ဂ ါသုံးရပ် ပြည့်စုံမှသာ ရှင်သာမဏေဖြစ်နိုင်သည်၊
ယင်း ၃-ရပ်တို့ကား-
၁။ ဆံမုတ်ဆိတ် ပယ်ခြင်း (လူ့အသွင်ပျောက်ရန်)
၂။ သင်္ကန်းဝတ်ခြင်း (သာမဏေ အသွင်ရောက်စေရန်)
၃။ သရဏဂုံ ဆောက်တည်ခြင်း တို့ပင်တည်း။
ဤအင်္ဂ ါ ၃-ရပ်တွင် ဆံ မုတ်ဆိတ်ပယ်ခြင်းကိစ္စကို ရဟန်း ရှင် လူ မည်သူ မဆို သင့်လျော်သလို ပြုလုပ်ပေးနိုင်သည်၊
သင်္ကန်းဝတ်မူကိုကား ရဟန်းျတာ်တို့၏ ခွင့်ပြုချက် ရယူပြီးမှသာ တစ်ဦးဦးက ပြုလုပ်ပေးနိုင်သည်၊ ရဟန်းတော်တို့၏ ခွင့်ပြုချက်မရဘဲ သင်္ကန်းဝတ်လျှင် လိင်္ဂတ္ထေနက (အသွင် ခိုးမှု) ဖြစ်သွားနိုင်သည်၊ သရဏဂုံပေးမှုကို ရဟန်းများ ကိုယ်တိုင်သာ ပြုလုပ်ရသည်။
လူဝတ်ကြောင်နှင့် သာမဏေများက သရဏဂုံပေးလျှင် ကိုရင်မဖြစ်၊ အဆိုပါ အင်္ဂ ါ (၃)ရပ်တို့တွင် သရဏဂုံဆောက်တည်မှု အင်္ဂ ါ သည် အရေးအကြီး ဆုံးဖြစ်၏၊ ဆရာတပည့် နှစ်ဦးစလုံး ပီပီသသ သရဏဂုံပါဠိ ရွတ်ဆိုနိုင်မှသာ ရှင်သာမဏေအစစ် ဖြစ်နိုင်သည်။
ရှင်သာမဏေဖြစ်ချိန်....
သရဏဂုံ ပီပီသသ အောင်မြင်လျှင်
``တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ´´၌ ``မိ´´ အက္ခရာအဆုံးတွင် ရှင်သာမဏေအစစ် ဖြစ်လေတော့သည်၊
သာမဏေတို့ ကျင့်သုံးအပ်သော သီလသိက္ခာ ကျင့်ဝတ်အားလုံးတို့ ကိုရင့် သန ္တာန်မှာ တည်ရှိပြီးဖြစ်တော့သည်၊ သီလခံယူ ဆောက်တည်ဖွယ် မလို၊ ခံယူဆောက်တည်သော်လည်း အပြစ်မရှိ၊ မှတ်မိစေခြင်း ကျေပွန်စေခြင်း စသည့်အကျိုးများ ရရှိနိုင်သည်။
သာမဏေဖြစ်ပြီးနောက် ဥပဇ္စျာယ်အင်္ဂ ါနှင့် ပြည့်စုံသော ဆရာထံမှာ-
``ဥပဇ္စျာယော မေ ဘနေ ္တ ဟောဟိ´´ဟု ၃-ခေါက် ရွတ်ဆို၍ ဥပဇ္စျာယ် ယူရမည်။
သာမဏေများသည် ၁၀-ပါး သီလ၊ ပစ္စဝေက္ခဏာ၊ လိင် ၁၀-ပါး၊ ဒဏ် ၁၀-ပါး၊ သေခိယ ရ၅-ပုဒ်၊ ခန္ဓက ၀တ် ဤကျင့်ဝတ်သိက္ခာများကို လိုက်နာကျင့်သုံးရ မည်။
အရိယာ နတ် ဗြဟ္မာတို့၏ အမြင်....
ရှင်ပြု (ကိုရင်ဝတ်) သည်ကို-
၁။ ဆံချ
၂။ သင်္ကန်းဝတ်
၃။ သရဏဂုံ ခံယူ
ဤလုပ်ငန်း ၃-ရပ်မျှသာ ဟု သာမန်လူတွေက မြင်ကြသည်။
ပထမ ကြွေးကြော်သံ.....
အရိယာနတ် ဗြဟ္မာများကတော့ ဤသို့ မမြင်ကြပေ-
၁။ ကိလေသာစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု မြင်ကြသည်၊ မှန်ပါသည်၊
ဆံပင်၌ တပ်မက်သော တဏှာကို ပယ်ခွါ တွန်းလှန် တိုက်ဖျက်ရန် ဆံချနေ သည်ဟု လည်းကောင်း၊
၂။ ရန်သူကြောက်လန့်အောင် စစ်ယူနီဖောင်းဝတ်သကဲ့သို့
ကိလေသာ ရန်သူ များ ကြောက်လန့်အောင်၊ မဝင်နိုင်အောင် သင်္ကန်းဝတ် သည်ဟု လည်းကောင်း၊
၃။ ကိလေသာ ရန်သူများ ထွက်ပြေးအောင် သရဏဂုံမန ္တန် ရွတ်ဆိုနေသည် ဟု လည်းကောင်း မြင်ကြပြီး ကောင်းချီးဟစ်အော် ကြွေး ကြော်ကြကုန်သည်။
ဒုတိယ ကြွေးကြော်သံ....
ကိုရင်များ ပစ္စယသန္နိဿိတ သီလ ပြည့်စုံအောင် ပစ္စဝေက္ခဏာဖြင့် ပုတီးစိပ်နေသောအခါ-
-သတိထားပြီး ပုတီးစိပ်လျှင် သတိပဋ္ဌာန်ဖြစ်သည်။
-အားထုတ်ပြီး စိပ်လျှင် သမ္မပ္ပဓာန်ဖြစ်သည်။
-ယုံကြည်သော သဒ္ဓါတရားဖြင့် စိပ်လျှင် သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ် စသော ဗောဓိပက္ခိယ တရားများဖြစ်သည်။
ဤသို့ ဗောဓိပက္ခိယတရားများ ပွါးများနေသည်ကို မြင်၍ ကိလေသာ တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲနေကြသည်တကား ဟု ဒုတိယအကြိမ် ကောင်းချီးဟစ်အော် ကြွေးကြော်ကြပြန်သည်။
တတိယ ကြွေးကြော်သံ.....
ဆိုခဲ့ပြီးအတိုင်း ဗောဓိပက္ခိယ တရားများ ဖြစ်ပွါးနေခြင်းကြောင့်
(ပါရမီ ပြည့်သူဖြစ်လျှင်) အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက်နိုင်သည်၊ ကိုရင်များ အရဟတ္တဖိုလ်ရသည်ကိုမြင်သော နတ်ဗြဟ္မာများသည် `အောင်ပွဲခံသွားပြီ´ဟု တတိယအကြိမ် ကောင်းချီးဟစ်အော် ကြွေး ကြော်ကြပြန်သည်။
ပုတီးစိပ်ပြီး ဗောဓိပက္ခိယတရား ပွါးများလျှင် ယခုဘဝမှာ အရဟတ္တဖိုလ်သို့ မရောက်စေကာမူ နှစ်ဘဝ သုံးဘဝဖြင့်ပင် ရနိုင် ရောက်နိုင်ပါသည်၊
မှန်၏၊ သစ္စကပရိဗိုဇ်အတွက် သုတ် ၂ သုတ်ကို ဘုရားရှင်ဟောသော်လည်း သစ္စက ပရိဗိုဇ်မှာ သရဏဂုံသော်မှ မတည်ပေ၊
သို့ သော် အထုံဝါသနာ အကျိုးကို ရည်ရွယ်၍ဟောခြင်းဖြစ်သည်၊ သစ္စကပရိဗိုဇ်သည် အထုံဝါသနာ ရပြီး ၎င်းအထုံဝါသနာက ကျေးဇူးပြုသော ကြောင့် သာသနာနှစ် ၄၀၀၊ ဘဝအားဖြင့် ၅-ဘဝလောက်မှာပင် သီဟိုဠ်ကျွန်း ၌ ကာလဗုဒ္ဓရက္ခိတထေရ် အဖြစ်ဖြင့် ရဟန ္တာဖြစ်သွားပါသည်၊ ဤသည်ကို ထောက်လျှင် အောင်ပွဲခံရဖို့ အရေး လက်တစ်ကမ်းမျှသာ ဟု ဆိုနိုင်သည်။
ရဟန်းခံ....
အရဟန ္တမှ ရဟန ္တာ၊ ယင်းမှ တစ်ဆင့် ရဟန်း ဟု ဝေါဟာရ အဆင့်ဆင့် ပြောင်းလဲလာသည်၊ ရဟန်းအဖြစ် ခံယူမှုကို ရဟန်းခံဟု ခေါ်သည်။
ရဟန်းအဖြစ် ရပုံ ၈-မျိုး......
ရဟန်းအဖြစ်သို့ ရောက်ရှိပုံ ၈-မျိုးရှိသည်၊ ၎င်းတို့မှာ-
၁။ ဧဟိဘိက္ခုရဟန်း-
ဧဟိဘိက္ခု (ချစ်သားရဟန်း လာလော့) ဟူသော မြတ်စွာဘုရား၏ စကား တော်ကြောင့် ရဟန်းအဖြစ်သို့ ရောက်သူ။
၂။ သရဏဂမနရဟန်း- သရဏဂုံဖြင့် ရဟန်းဖြစ်သူ။
၃။ သြဝါဒ ပဋိဂ္ဂဟဏရဟန်း- မြတ်စွာဘုရား၏ သြဝါဒကို လက်ခံသဖြင့် ရှင်မဟာ ကဿပအား ခွင့်ပြု အပ်သော ရဟန်းအဖြစ် (ရှင်မဟာကဿပ တစ်ပါးတွက်သာ)
၄။ ပဥှာဗျာကရဏရဟန်း- ပြဿနာဖြေဆိုနိုင်သဖြင့် သောပါက သာမဏေ အတွက် ခွင့်ပြုအပ်သော ရဟန်းအဖြစ်၊
၅။ ဂရုဓမ္မ ပဋိဂ္ဂဟဏရဟန်းမ- ဂရုဓမ် ၈-ပါးကို ခံယူသဖြင့် မဟာပဇာပတိ ဂေါတမီ အား ခွင့်ပြုအပ်သော ရဟန်းအဖြစ်။
၆။ ဒူတေနရဟန်းမ- အဍကာသီအမျိုးသမီးအား တမန်သည်မှ တဆင့် ခွင့်ပြုသော ရဟန်းအဖြစ်။
၇။ အဋ္ဌဝါစိကာ ရဟန်းမ- ဘိက္ခုသံဃာထံမှာ တစ်ကြိမ်၊ ဘိက္ခုနီသံဃာထံမှာ တစ်ကြိမ် ဥတ္တိစတုတ္ထကံ ပြုရသဖြင့် ဥတ်နှင့် ကမ္မဝါစာ ရှစ်ကြိမ် ဖတ်မှ ရဟန်းဖြစ်သော ဘိက္ခုနီများ။
၈။ ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းဖြစ်သူ ယခုခေတ် ရဟန်းတော်များ။
ထို ၈-မျိုးတို့တွင် ယခုခေတ်၌ ဥတ္တိစတုတ္ထရဟန်း တစ်မျိုးသာ ရှိနိုင်တော့ သည်။
ရဟန်းဖြစ်ရန် အင်္ဂ ါ ၅-တန်....
ယခုအခါ ရဟန်းဖြစ်အောင် ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ပြုလုပ်ရသည်၊ ယင်းသို့ ရဟန်းဖြစ်အောင် ပြုလုပ်ခြင်းကိုလည်း ရဟန်းခံသည်ဟု ခေါ်ကြသည်၊ ထိုရဟန်းခံကိစ္စ ပြီးမြောက်စေရန် အင်္ဂ ါ ၅-ရပ်တို့ကား-
၁။ ရဟန်းလောင်း၏ ပြည့်စုံမှု
၂။ ဥတ်၏ ပြည့်စုံမှု
၃။ ကမ္မဝါစာ၏ ပြည့်စုံမှု
၄။ သိမ်၏ ပြည့်စုံမှု
၅။ ရဟန်းခံပေးမည့် သံဃာ့ပရိသတ်၏ ပြည့်စုံမှုတို့ပင်တည်း။
ဤအင်္ဂ ါ ၅-ရပ် ပြည့်စုံမှ ရဟန်းဖြစ်ခြင်းကြောင့် `ပဥ္စင်္ဂ ´ဟု လည်းကောင်း `ပဥ္စင်း´ ဟု လည်းကောင်း ခေါ်ဝေါ်ကြသည်၊
ထိုပဥ္စင်းကိုပင် လေးစားအပ်သူဖြစ်၍ `ဦး´ တပ်ပြီး `ဦးပဥ္စင်း´ဟုခေါ်ကြ သည်၊ တစ်နည်းအားဖြင့်လည်း သီရိလင်္ကာနိုင်ငံ၌ ရဟန်းတော်များကို ဥပသမ္ပန္န- ဟုလည်းကောင်း ဥပသမ်- ဟုလည်းကောင်း ခေါ်သည်၊ ဥပသမ်- ကို သီရိလင်္ကာအသံဖြင့် ဥပစမ်၊ ဥပစမ်း- ဟု ခေါ်သည်၊ မြန်မာအသံဖြင့် ဥပစမ်းကို ဦးပစင်း- ခေါ်ခြင်းလည်း ဖြစ်နိုင်သည်။
ရဟန်းလောင်း၏ ပြည့်စုံမှု...
ရဟန်းခံမှု ကိစ္စအဝဝသည် ရဟန်းလောင်းအပေါ် မူတည်၍ ဖြစ်ရသည်၊ ရဟန်းလောင်းကို ရဟန်းခံမှု ကိစ္စ (ဥပသမ္ပဒကံ)၏ တည်ရာ ဖြစ်သောကြောင့် ၀တ္ထု ဟု ခေါ်သည်။
အရည်အချင်းပြည့် ရဟန်းလောင်းဖြစ်ရန် ဆိုလတံ့သောအချက်များ လိုအပ် သည်။
၁။ ပဋိသန္ဓေနှင့်တကွ အသက် ၂၀-ပြည့်သူဖြစ်ရခြင်း၊
၂။ ပါရာဇိက ကျပြီးသူ မဟုတ်ရခြင်း၊
၃။ ပဏ္ဍုက်စသော ရှင် ရဟန်း မဖြစ်ထိုက်သူ ၁၁-ယောက်တွင် မပါ၀င်ရခြင်း။
ဤအင်္ဂ ါရပ်များနှင့် ပြည့်စုံလျှင် အရည်အချင်းပြည့် ရဟန်းလောင်းဖြစ် တော့သည်။
ထိုအင်္ဂ ါရပ်များအပြင် လူဇာတ်ရှိသူ ယောက်ျားဖြစ်ခြင်း ဟူသော အင်္ဂ ါကို အပိုထည့်ကြသေးသည်၊ သို့သော် အဘဗ္ဗပုဂ္ဂိုလ်တွင် ပါ၀င် သော တိရစ္ဆာန်နှင့် ပဏ္ဍုက် မဟုတ်ရခြင်းအင်္ဂ ါဖြင့်ပင် ယောက်ျားဖြစ်ခြင်းဟူသော အင်္ဂ ါ ပြီး တော့သည်။
ဘောင်းဘီဝတ်နှင့် ဆံရှည်ကိုယ်တော်....
ရဟန်းလောင်း၏ ပြည့်စုံရမည့်အင်္ဂ ါတွင် သာမဏေဖြစ်ရမည်-ဟု မဆိုခြင်း ကြောင့် သာမဏေမဟုတ်သူ လူကို ရဟန်းခံပေးလျှင်လည်း ရဟန်းဖြစ်နိုင် သည်၊
ဆံမုတ်ဆိတ်ပယ်ခြင်း၊ သင်္ကန်းဝတ်ခြင်း ဟူသော အင်္ဂ ါရပ်များ မပါခြင်း ကြောင့် ပုဆိုး အကျင်္ ီ ဘောင်းဘီဝတ်သူ များကို ရဟန်းပြုပေးလျှင်လည်း ရဟန်းဖြစ်နိုင်သည်၊
ထိုသို့ ရဟန်းဖြစ်နိုင်သော်လည်း ရှင် ရဟန်းအသွင်ရှိသူကို ရဟန်းခံခြင်းသည် သာ အပြစ်ကင်း၍ သာသနာတော်နှင့် သင့်လျော်ပေသည်၊ မှန်၏၊ သပိတ်သင်္ကန်း မပြည့်စုံသူကို ရဟန်းခံပေးက ဒုက္ကဋ်အာပတ်သင့်၏၊
ထို့ကြောင့် ရှေးခေတ်မှ ယနေ့ခေတ်တိုင်အောင် ဆရာတော်များသည် လူဝတ်စားနှင့်သူကို ရဟန်းခံပေးလေ့မရှိကြ။
ဥတ် ကမ္မဝါစာ၏ ပြည့်စုံမှု
ဥတ်နှင့် ကမ္မဝါစာပါဠိများကို စနစ်တကျ မှန်ကန်ပြည့်စုံစွာ ရွတ်ဆိုလျှင်
ဥတ်၏ ပြည့်စုံမှု၊ ကမ္မဝါစာ၏ ပြည့်စုံမှု ဖြစ်လေတော့သည်။
သိမ်၏ ပြည့်စုံမှု
နယ်ပယ်အပိုင်းအခြားကို သိမ်-ဟု ခေါ်သည်၊ ထိုသိမ်သည်-
၁။ ရဟန်းတော်များက ကမ္မဝါစာဖြင့် ဖွဲ့စပ် သမုတ်ထားသော ဗဒ္ဓ သိမ်၊
၂။ ကမ္မဝါစာဖြင့် မသမုတ်ရဘဲ ပင်ကိုယ်ကပင် သိမ်ဖြစ်နေသော သိမ်ဟု နှစ်မျိုးရှိ သည်၊
မည်သည့် သိမ်ဖြစ်စေ သိမ်အင်္ဂ ါလက္ခဏာနှင့် ညီညွတ်လျှင် သိမ်၏ ပြည့်စုံမှု ဖြစ်တော့သည်။
ပရိသတ်၏ ပြည့်စုံမှု
မြတ်စွာဘုရားသည် သံဃာညီညွတ်ရေးကို အမြဲ ဦးစားပေးသည်၊ လုပ်ငန်း တိုင်း၌ စိတ်တူကိုယ်မျှဖြစ်စေရန် ညွှန်ကြားတော်မူခဲ့သည်၊ ညီညွတ်ရေးကို ရှေးရှုပြီး ပရိသတ်အရ ရဟန်းခံကိစ္စတွင်
ပါ၀င်ဆောင်ရွက်သော သံဃာ့ပရိသတ်ကို ယူရမည်။
သံဃာညီညွတ်ရေး- ဟူသော ပရိသတ်ပြည့်စုံမှုဖြစ်ရန် အင်္ဂ ါ ၃-ရပ် လိုအပ်သည်၊
ယင်းတို့မှာ-
၁။ ရဟန်းခံကိစ္စဆောင်ရွက်ရာ အစည်းအဝေးဌာနသို့ လုံလောက်သော သံဃာ အရေအတွက် ပါ၀င်တက်ရောက်ခြင်း။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိလျက် မတက်ရောက်နိုင်သူများ၏ သဘောတူကြောင်း ဆန္ဒကို ယူခြင်း၊
၃။ အစည်းအဝေး တက်ရောက်သူ သံဃာများတွင် တစ်ဦးတစ်ယောက်မျှ ကန့်ကွက်မှုမရှိခြင်းတို့ ဖြစ်သည်။
ဤရဟန်းခံကိစ္စအတွက်
မြန်မာနိုင်ငံ၌ အနည်းဆုံး သံဃာ ၅-ပါး ပါ၀င် တက်ရောက်မှ အောင်မြင်ပြီး မြောက်နိုင်မည်။
ရဟန်းခံကိစ္စ၌ ဆိုခဲ့ပြီးသော အင်္ဂ ါ ၅-ရပ် ပြည့်စုံဖို့ အရေးကြီးသည်၊ အင်္ဂ ါရပ် တစ်ခုခု ချွတ်ယွင်းလျှင် အဆောင်အယောင် မည်မျှပင် ကြီးကျယ်ခမ်းနား စေကာမူ ရဟန်းမဖြစ်တော့၊ ထို့ကြောင့် အင်္ဂ ါ ၅-ရပ် ပြည့်စုံအောင် အထူးဂရု စိုက်သင့်သည်။
ကြိုတင်စီစဉ်မှု
ရဟန်းခံကိစ္စကို အောင်မြင်အောင် ဦးဆောင်လိုသော ရဟန်းသည်-
၁။ အရည်အချင်းပြည့် ရဟန်းလောင်းပုဂ္ဂိုလ်၊
၂။ အရည်အချင်းပြည့် ဥပဇ္စျာယ်ပုဂ္ဂိုလ်၊
၃။ အရည်အချင်းပြည့် ကမ္မဝါစာ ဆရာ၊
၄။ ရဟန်းခံ ကိစ္စအတွက် ပြည့်စုံလုံလောက်သော ကာရကသံဃာ၊ ဤအချက်တို့ကို ပြည့်စုံအောင် ကြိုတင်စံမံထားရမည်။
ထို့နောက် သိမ်ထဲ၌-
၁။ တံမြက်လှည်းခြင်း၊
၂။ ဆီမီးညှိထွန်းခြင်း၊
၃။ သောက်ရေသုံးရေ တည်ထားခြင်း၊
၄။ နေရာခင်းခြင်း- ဟူသော ပုဗ္ဗကရဏ ၄-ပါးကို ဥပေါသထကံမှာကဲ့သို့ စီစဉ်ထားနှင့် ရမည်။
ဤလုပ်ငန်း ၄-ရပ်သည် ဥပုသ်ကံမှာသာ မဟုတ်၊ သံဃာ့ကံ အားလုံးနှင့် သက်ဆိုင်သည်ဟု မှတ်ရမည်၊
ဤသို့လျှင် ကြိုတင်ပြည့်စုံသင့်သည်များကို ပြည့်စုံစေပြီး ရဟန်းခံကိစ္စကို ဆောင်ရွက်ရမည်။
ရဟန်းခံ အစီအစဉ်
ရဟန်းခံကိစ္စ၌ ဥတ်၊ ကမ္မဝါစာ ဖတ်ခြင်းကိစ္စသည်သာ ပဓာနအကျဆုံးဖြစ်၏၊ ပဓာနကိစ္စအောင်မြင်လျှင် ရဟန်းဖြစ်တော့သည်၊
သို့သော် အထောက်အကူ ဖြစ်သည့် ရှေ့ပိုင်းလုပ်ငန်း၊ နောက်ပိုင်းလုပ်ငန်းများနှင့် တွဲဖက်လိုက်မှ
ပဓာနကိစ္စ လိုလေသေးမရှိ ပြည့်စုံအောင်မြင်ပြီး အပြစ်ကင်းရှင်းနိုင်ပေမည်၊ ထို့ကြောင့် အပြစ်ကင်း၍ ပြည့်စုံအောင်မြင်သော ရဟန်းခံ ကိစ္စဖြစ်စေရန်-
၁။ ရှေ့ပိုင်းလုပ်ငန်း
၂။ လိုရင်းအဓိကလုပ်ငန်း
၃။ နောက်ပိုင်းလုပ်ငန်း- ဟူသော ဤအစီအစဉ်များဖြင့် ပြုလုပ်ရမည်။
ရှေ့ပိုင်းလုပ်ငန်း
၁။ ဥပဇ္စျာယ်ယူရန် ရဟန်းလောင်းအား စေခိုင်းတိုက်တွန်းခြင်း၊
၂။ ရဟန်းလောင်းအား သူပိုင် သပိတ် သင်္ကန်းများကို ပြောကြားခြင်း၊
၃။ ရဟန်းလောင်းကို သံဃာ၏ နှစ်တောင့်ထွာအရပ် အပြင်ဘက်သို့ ထုတ်ခြင်း၊
၄။ ရဟန်းလောင်းအား သင်ပြရမည့် ရဟန်းကို သမုတ်ခြင်း၊
၅။ ရဟန်းလောင်းရှိရာသို့ သွား၍ သင်ပြခြင်း၊
၆။ သင်ပြပြီးကြောင်း သံဃာအား အသိပေး၍
ရဟန်းလောင်းကို သံဃာ၏ နှစ်တောင့်ထွာအရပ်အတွင်းသို့ သွင်းခြင်း၊
၇။ သံဃာတော်၏ ခြေတော်အစုံကို ရဟန်းလောင်းအား ရှိခိုးခိုင်းပြီး ရဟန်းပြုလိုကြောင်း ခွင့်တောင်းစေခြင်း၊
၈။ ရဟန်းလောင်းအား စစ်မေးရန် သမုတ်ခြင်း၊
၉။ ရဟန်းလောင်းအား စစ်မေးခြင်း၊
ဤ ၉-ပါးကို အစဉ်အတိုင်း ပြုလုပ်ရမည်၊ ထိုသို့ ပြုလုပ်ရခြင်းအကြောင်းကို အနည်းငယ် ချဲ့ဦးအံ့။
ဥပဇ္စျာယ်
မိမိတပည့်ကို အမြဲတမ်း ကြီးကြပ် ကွပ်ကဲ စောင့်ရှောက်လျက်
ချီးမြှောက် ထောက်ပံ့တတ်သူကို `ဥပဇ္စျာယ်´ ဟု ခေါ်သည်၊
ဥပဇ္စျာယ်ဆရာ၏ ပစ္စည်း အထောက်အပံ့၊ တရားဓမ္မ အထောက်အပံ့ မရရှိ လျှင် မကြီးပွါး မတိုးတက်နိုင်၊ ဆုတ်ယုတ်ပျက်စီးဖို့သာ များလေသည်၊ သာသနာတော်၌ ဥပဇ္စျာယ်ဆရာ၏ အကူအညီ များစွာ လိုအပ်သည်။
ဥပဇ္စျာယ်ဆရာသည် မိမိတပည့်ကို သားရင်း ပမာ ၀တ်ပုံ စားပုံ နေထိုင် သွား လာ ပြောဆိုပုံမှစ၍ အစစ အရာရာ တာဝန် ယူ၍ စနစ်တကျ ညွှန်ပြပေးရ သည်၊ `တပည့်မကောင်း ဆရာ့ခေါင်း´ ဆိုသလို တပည့် ည့ံဖျင်းမှု၊ တော်ဝင် ကောင်းမွန်မှုသည် ဥပဇ္စျာယ်ဆရာများအပေါ် များစွာ တည်သည်။
ဆရာမှားလျှင် တစ်သံသရာလုံး မှောက်တတ်သည်၊ ဥပဇ္စျာယ် ဆရာမှားမှု ကြောင့် အဇာတသတ်ခမျာ ယခုအချိန်အထိ ခေါင်း မဖော်နိုင်သေး၊ ဥပဇ္စျာယ် ဆရာကိုပင် မင်္ဂလာတရားတော်၌ `ပဏ္ဍိတသေဝန´ မင်္ဂလာဟုလည်းကောင်း သမ္ပတ္တိစက်၌ `သပ္ပုရိသူပနိဿယ´စက် ဟု လည်းကောင်း ဆိုထားသည်၊ မဂ်ဖိုလ်ရရေးအတွက် ကလျာဏမိတ္တ အကူအညီ ရာနှုန်းပြည့် လိုအပ်သည်။
ဥပဇ္စျာယ် အင်္ဂ ါ
၁။ ၁၀-၀ါ ရပြီးခြင်း၊
၂။ ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ရဖူးသူဖြစ်ခြင်း၊
၃။ ကံကြီး ကံငယ် ကိစ္စတို့၌ တတ်သိ နားလည်ခြင်း၊
၄။ ခန္ဓက ၀တ်တို့၌ တတ်သိ လိမ္မာခြင်း၊
၅။ နာမ် ရုပ် တရားတို့ကို ပိုင်နိုင်စွာ ဟောပြနိုင်ခြင်း၊
ဤ အင်္ဂ ါရပ်များနှင့် ပြည့်စုံလျှင် ဥပဇ္စျာယ် ဆရာမြောက်သည်။
နိဿယဆရာ၏ အင်္ဂ ါ ကျောင်းထိုင်အင်္ဂ ါများသည်လည်း ဥပဇ္စျာယ်ဆရာ၏ အင်္ဂ ါနှင့် တူသည်။
ဥပဇ္စျာယ် ယူပုံ
ရဟန်းလောင်း- `ဥပဇ္စျာယော မေ ဘနေ ္တ ဟောဟိ´ ဟု ၃-ခေါက် ဆို၍ လျှောက် ထားရန်။ (မြန်မာလိုမှာ- အရှင်ဘုရားသည် တပည့်တော်၏ ဥပဇ္စျာယ် ဆရာ ဖြစ်တော်မူပါ- ဟု ဖြစ်သည်)
ဥပဇ္စျာယ်ဆရာက- `ပါသာဒိကေန သမ္ပာဒေဟိ´ ဟု ပြန်လည် မိန့်ကြားရန်။ (မြန်မာလို အဓိပ္ပါယ်မှာ- ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ကိုယ် နှုတ် အမူ အရာတိုဖြင့် သီလ သမာဓိ ပညာ သုံးဖြာသော သိက္ခာကို ပြီးစေလော့- ဟု ဖြစ်သည်)
သပိတ် သင်္ကန်း ပြောကြားခြင်း
ဘုရားလက်ထက်က ကိုယ်ပိုင် သပိတ်သင်္ကန်း မရှိသူများကို ရဟန်းပြုပေးကြ သဖြင့် တိတ္ထိတက္ကတွန်းများပမာ ဗလာကိုယ်ထည်း လက်ချည်းသာလျှင် ဆွမ်းခံဝင်သဖြင့် လူမြင်မကောင်းသည်ကို အကြောင်းပြု၍
ကိုယ်ပိုင်သပိတ် သင်္ကန်း မရှိသူူများကို ရဟန်းမပြုပေးရန်၊
ပြုပေးလျှင် ဒုက္ကဋ်အာပတ် သင့်စေရန် ပညတ်တော်မူခဲ့သည်၊
ထို့ကြောင့် ပရိက္ခရာတွင် ပါ၀င်သည့်
ဤသပိတ် ဤသင်္ကန်းများသည် သင် ရဟန်းလောင်း၏ ကိုယ်ပိုင် သပိတ် သင်္ကန်းများ ဖြစ်သည်ဟု ရဟန်းလောင်းအား ပြောကြားထားရသည်။
အဆိုပါ အဓိကဖြစ်သော သပိတ် သင်္ကန်းနှင့် ကျန်ပရိက္ခရာများလည်း ရဟန်းတို့အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများသာဖြစ်သည်၊
ထို့ကြောင့် ရဟန်း အသုံးအဆောင် ပရိက္ခရာများကို-
၁။ သပိတ်
၂။ နှစ်ထပ် သင်္ကန်းကြီး
၃။ ဧကသီ သင်္ကန်း
၄။ သင်းပိုင် သင်္ကန်း
၅။ ခါးပန်းကြိုး
၆။ ခေါင်းရိတ်ဓား
၇။ ရေစစ်၊
၈၊ အပ် ဟု ရှစ်မျိုးရှိသည်ဟု မှတ်သားနိုင်သည်။
ရဟန်းလောင်းအား သင်ပြခြင်း
ဘုရားလက်ထက်က ရဟန်းလောင်းများကို ကြိုတင်သင်ပြမှုမရှိဘဲ စစ်မေးကြ သဖြင့် မဖြေကြားတတ်၊ မဖြေကြားဝံ့ ဖြစ်ကြရသည်၊ သင်ပြ ပြန်တော့လည်း သံဃာ့အလယ်မှာ သင်ပြပြီး၊ သံဃာ့အလယ်မှာပင် စစ်မေးကြသဖြင့် အခြား သင့်လျော်ရာမှာ သင်ပြပြီးမှ သံဃာ့အလယ်မှာ မေးစစ်ဖို့ရန် ပညတ်တော်မူရ ပြန်သည်၊ တစ်ဖန် မကျွမ်းကျင်သူများ သင်ပြကြသဖြင့် မဖြေကြားတတ်၊ မဖြေကြားဝံ့ ဖြစ်ကြရပြန်သည်၊ ထို့ကြောင့် ကျွမ်းကျင်သူများကသာ သင်ပြ ပေးဖို့ရန် ပညတ်တော်မူသည်။
စစ်မေးရမည့် အချက် ၁၅-ချက်
၁။ နူနာ ရှိသလော၊
၂။ ထွက်မြင်းအနာ အိုင်းအမာ ရှိသလော၊
၃။ ခရုသင်းအနာ ရှိသလော၊
၄။ ပန်းနာ အဆုတ်နာ ရှိသလော၊
၅။ ၀က်ရူး စသော ရူးနှမ်းသော အနာရောဂါ ရှိသလော၊
(ဤ ၅-ချက်အတွက် `နတ္ထိ ဘနေ ္တ´ ဟု ဖြေရန်၊ မရှိပါဘုရား-ဟု ဆိုလိုသည်)
၆။ လူသားဧကန် ဟုတ်မှန်ပါ၏လော၊
၇။ ယောက်ျားစစ်ဧကန် ဟုတ်မှန်ပါ၏လော၊
၈။ သူ့ကျွန်အဖြစ်မှ လွတ်လပ်သူ ဟုတ်မှန်ပါ၏လော၊
၉။ ကြွေးမြီမတင် သန့်ရှင်းစင်ကြယ်သော သူ ဟုတ်မှန်ပါ၏လော၊
၁၀။ မင်းခစားယောက်ျား မဟုတ်သူ ဖြစ်ပါသလော၊
၁၁။ မိဘတို့က ကျေကျေနပ်နပ် ခွင့်ပြုအပ်သူ ဖြစ်ပါသလော၊
၁၂။ အသက် ၂၀ ပြည့်သူ ဟုတ်မှန်ပါသလော၊
၁၃။ သင့်မှာ သပိတ် သင်္ကန်း ပြည့်စုံပါပြီလော၊
(ဤ ၈-ချက်အတွက် အာမ ဘနေ ္တ ဟု ဖြေရန်၊ မှန်ပါသည် ဟု ဆိုလိုသည်)
၁၄။ သင်သည် အဘယ်အမည်ရှိသနည်း၊
(မိမိ၏ အမည်ကို ဖြေရန်)
၁၅။ သင်၏ ဥပဇ္စျာယ်ဆရာသည် အဘယ်အမည်ရှိသနည်း၊
(ဥပဇ္စျာယ်ဆရာ၏ အမည်ကို ဖြေရန်)
အန ္တရာယ် ၁၃-ပါးကို မေးစစ်ရမည်ဟု လာရှိသော ပါဠိတော်အလို ၁၅-ချက် တွင် နောက်ဆုံး ၂-ချက်သည် အန ္တရာယိက ဓမ္မစာရင်း တွင် မပါ၀င်ဟု မှတ်၊ နံပါတ် ၆. ရ. ၁၂. အင်္ဂ ါရပ်မပြည့်စုံလျှင် ရဟန်းမဖြစ်၊ ကျန်အင်္ဂ ါရပ်များ မပြည့်စုံလျှင်ကား ရဟန်းခံ ပေးသူ သံဃာမှာသာ အပြစ်ရှိသည်၊ ရဟန်းလောင်းကား ရဟန်းဖြစ်နိုင်သည်။
ရဟန်းလောင်းများစွာကို တစ်ပြိုင်နက် သင်ပြ...
ယခုခေတ် ဒုလ္လဘ ရဟန်းခံပွဲများ ခေတ်စားလာသဖြင့်
ရဟန်းလောင်း သုံး လေးဆယ်ကို တစ်ပြိုင်နက်တည်း စုပေါင်း၍ရဟန်းခံကြ သည်၊ ဤသို့ ရဟန်း ခံရာ၌ ကမ္မဝါဖတ်ခြင်းဟူသော ပဓာနကိစ္စ မတိုင်မီ ပုဗ္ဗကိစ္စများ၌သာ တစ်ပြိုင်တည်း စုပေါင်းဆောင်ရွက်နိုင်သည်၊ ပဓာန ကိစ္စ၌ကား ၃-ပါးကိုသာ ဆောင် ရွက်နိုင်ခွင့်ရှိသည်။
ပဓာနကိစ္စတွင်-
၁။ ဥတ်
၂။ ကမ္မဝါစာ
၃။ နိဂုံး ဟု ၃-ပိုင်း ပါရှိသည်၊
ဥတ် ကမ္မဝါစာဖြင့် သံဃာ့ကံကို ဆောင်ရွက်ခြင်းသည် အစည်းအဝေးသဘော ဆန်သည်၊ ရဟန်းလောင်းကို သံဃာ့အဖွဲ့က ရဟန်း အဖြစ် အသိအမှတ်ပြု ရန် သံဃာ့ အစည်းအဝေးပြုခြင်း ဖြစ်သည်၊ သံဃာ့အစည်းအဝေး၌-
၁။ ဥတ်ဖြင့် ကြိုတင်အသိပေးသည်၊
၂။ ကမ္မဝါစာဖြင့် အဆိုတင်သည်၊
၃။ နိဂုံးဖြင့် အတည်ပြုချက်ကို ကြေငြာသည်။ ချဲ့ဦးအံ့- - -
၁။ ဥတ်
ဤရဟန်းလောင်းသည် ဤမည်သော ဥပဇ္စျာယ်ဆရာ၏ တပည့် ဖြစ်သည်၊ အန္တရာယ် ကင်းသူလည်း ဖြစ်သည်၊ သူ့မှာ သပိတ် သင်္ကန်းလည်း ပြည့်စုံ နေပါပြီ၊ ဖြစ်နိုင်ဆိုလျှင် သံဃာတော်က ဤရဟန်းလောင်းကို ရဟန်းပြုပေး ဖို့ရာ ကြိုတင် အသိပေးခြင်း ဖြစ်ပါသည်။
၂။ ကမ္မဝါစာ
ရဟန်းလောင်းကို သံဃာ့အဖွဲ့က ရဟန်းပြုပေးပါသည်၊ ဤသို့ ရဟန်းပြု ပေးခြင်းကို သဘောတူလျှင် နှုတ်ဆိတ်နေပါ၊ သဘောမတူသူရှိလျှင်လည်း ကန့်ကွက် ပြောဆိုပါ ဟု သုံးကြိမ်သုံးခါ အဆိုတင်သည်။
၃။ နိဂုံး
သံဃာ့အဖွဲ့က ဤရဟန်းလောင်းကို ရဟန်းပြုပေးပြီးပါပြီ၊ သံဃာ့အဖွဲ့ကသဘောတူခြင်းကြောင့် နှုတ်ဆိတ်နေခြင်းဖြစ်ပါသည်ဟု အတည် ပြုချက်ကို ကြေငြာသည်။
ဥတ် ကမ္မဝါစာ ဖတ်ပုံ
၁။ ပဓာနကိစ္စဖြစ်သော ဥတ်၊ ကမ္မဝါစာ၊ နိဂုံး ၃-ပိုင်းလုံးကို ပါဠိဘာသာဖြင့်သာ ရွတ်ဆိုရသည်၊
၂။ ထိုသို့ ရွတ်ရာ၌လည်း စည်းကမ်းနှင့်အညီ ယုတ်လျော့မှု ဖောက်ပြန်မှု မရှိစေဘဲ မှန်ကန်ပီသစွာ ရွတ်ဖတ်နိုင်မှသာ ရဟန်းခံကိစ္စ ပြီးစီးအောင်မြင် နိုင်သည်၊ ထို့သို့ မဟုတ်လျှင် ရဟန်းမဖြစ်နိုင်။
ဥတ်ကမ္မဝါစာဖတ်သင့်သူဟူသည်-
ပင်ကိုယ်အရည်အသွေးလည်းရှိ၊ တကယ် လက်တွေ့လည်း စွမ်းဆောင် သော ပုဂ္ဂိုလ်မျိုးသာ ဖြစ်သည်။
ရဟန်းဖြစ်ချိန်
ရဟန်းလောင်းကို ဥတ် ကမ္မဝါစာဖတ်၍ ရဟန်းပြုပေးရာ၌ တတိယ ကမ္မဝါစာ ``သော ဘာသေယျ´ ပြီးဆုံးလျှင် ရဟန်းဖြစ်တော့သည်။
ရဟန်းဖြစ်သည်နှင့် တစ်ပြိုင်နက်
ရဟန်းသစ်သန္တာန်၌ ပါရိသုဒ္ဓိသီလ ၄-မျိုး တစ်ခါတည်းတည်ပြီးဖြစ်တော့ သည်၊ ၂၂၇-သွယ်၊ အကျယ် အားဖြင့် ကုဋေ ကိုးထောင်ကျော်သော အဓိသီလ သိက္ခာများ တည်ရှိသွားတော့သည်။
ယင်းသီလများနှင့် ပြည့်စုံသွားသောကြောင့် ပုထုဇဉ်ပင် ဖြစ်စေကာမူ သေက္ခ အရိယာ ပုဂ္ဂိုလ်တို့၌ ထည့်သွင်း ရေတွက်အပ်၏၊ မြင့်မြတ်သော ဥပသမ္ပန္န ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သွားသည်။
ရဟန်းဖြစ်သွားသောသူသည် မိမိက ပုထုဇဉ်ပင်ဖြစ်စေကာမူ
ရဟန ္တာဖြစ်သူ လူသာမဏေတို့၏ ရှိခိုးမှုကို ခံထိုက်သည်၊ ကုဋေကိုးထောင် ကျော်သော သိက္ခာပုဒ်တို့၏ တည်နေ ကိန်းဝပ်ရာ စေတီအရာ၌ တည်သည်၊ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား၏ အစိနေ ္တယျ အပ္ပ မေယျ ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်၊ တန်ခိုးတော်၊ အာဏာတော်၊ ပညတ်တော်တို့၏ အစွမ်းပေတည်း။
ရဟန်းချင်းတူစေကာမူ ရဟန်းဖြစ်ရှေးကျ၍ သိက္ခာဦးသော ပုထုဇဉ်ရဟန်းကို သိက္ခာတည်မှု ရဟန်းဖြစ်မှုနောက်ကျသော ရဟန ္တာ ရဟန်းက ရှိခိုးရသည်၊ ရဟန်းအဖြစ်၏ အကျိုးဂုဏ် အာနိသင်တို့က မရေမတွက်နိုင်အောင် များလှ သည်၊
ဒုဿီလ(သီလမရှိသူ)ချင်းတူစေကာမူ လူဒုဿီလထက် ဂုဏ် ၁၀-မျိုးတို့ဖြင့် သာလွန်ရုံသာမက အလှူဒါနကိုလည်း အကြောင်း ၁၀-မျိုးတို့ဖြင့် စင်ကြယ် စေနိုင်သည်၊ သီလရှိသူ ရဟန်းဖြစ်ပါမူကား အဘယ် ဆိုဘွယ် ရှိအံ့နည်း။
သင်္ကန်း အရှိန်အဝါ....
သံဃာက ပေးသော သင်္ကရှိန်န်းအရှိန်အဝါသည် ကြီးမြတ်လှသည်၊ သင်္ကန်းသည် ရဟန ္တာတို့၏ အလံတံခွန်ဖြစ်သည်၊
လမ်းခရီး၌ မစင် လိမ်းကျံလျက် စွန့်ပစ်ထားအပ်သော သင်္ကန်းဖြစ်စေကာမူ တွေ့မြင်က ဦးထိပ်၌ လက်အုပ်ချီကာ ရသေ့၊ ရဟန်းတို့၏ အောင်လံတံခွန် ဖြစ်သော သင်္ကန်းကို ရှိခိုးရ မည်။
သင်္ကန်းဝတ်သူကို- သိတတ်သည့် သူတော်ကောင်းများသည် မသတ်ပုတ် မညှဉ်းဆဲထိုက်။
လူ့ဘဝဖြင့် ရဟန ္တာဖြစ်သူသည် သင်္ကန်း မဝတ်လျှင် ထိုနေ့ မှာ ပရိနိဗ္ဗာန် စံရတော့သည်၊ သင်္ကန်းဝတ်လိုက်မူကား အသက်တမ်းအတိုင်း တည်နိုင် သည်၊ သင်္ကန်း၏ အရှိန်အဝါကား ဤမျှ ကြီးမားလှပါသည်။
ရဟန်းဖြစ်ဇာတာ
ရဟန်းဖြစ်သည်နှင့် တပြိုင်နက် ရဟန်းသစ် သန္တာန်မှာ
အဓိသီလ သိက္ခာ တည်ပြီးဖြစ်၍ ရဟန်းအဖြစ်သို့ ရောက်ချိန်စောသူ ရှေးကျသူကို သိက္ခာကြီးသူ ဟု ခေါ်သည်၊ နောက်ကျသူကိုကား သိက္ခာငယ်သူ ဟု ခေါ်ရမည်။
သာသနာတော်မှာ သိက္ခာကြီးသူ သိက္ခာငယ်သူ အသီးသီးနှင့်ဆိုင်သော ၀တ္တရားများရှိ၏၊ ထေရ်စဉ်ဝါလိုက် သိက္ခာဝါနှင့်ဆိုင်သော ကိစ္စတိုင်းမှာ အသုံးပြုနိုင်ရန် ရဟန်းဖြစ်ချိန်ကို တိကျ သေချာစွာမှတ်သားထားရမည်၊ ရဟန်းသစ်အားလည်း ပြောထားရသည်၊
ရဟန်းဖြစ်ချိန်မှတ်တမ်းကို ကြည့်၍ ၀ိနည်းတော်နှင့်အညီ ရဟန်း ဖြစ်လာသူ ဟုတ်/ မဟုတ် သိနိုင်သည်။
မှီရာ (ဆောင်ရန်) ၄-ပါး
ရဟန်းဖြစ်ချိန်မှတ်တမ်းကို ပြောပြပြီးနောက် သိသင့်သိထိုက်သော
အမှီ (ဆောင်ရန်) ၄-မျိုးနှင့်
လုံးဝမပြုကျင့်ထိုက်သော အမှု (ရှောင်ရန်) ၄-မျိုး တို့ကိုလည်း ပြောထားရမည်။
သာသနာ့ဘောင်ဝင်ရောက် ရှင် ရဟန်းပြုသူ အချို့တို့သည်
ဒါယကာ ဒါယိကာမတို့၏ လှူဒါန်းမှုကို အထင်ကြီးကြပြီး အချောင် စားရလိမ့် မည် အထင်ရှိ နေကြသည်၊
ထိုသူများသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်ကြဘဲ ဆွမ်းခံ စားရမည် ရှိသောအခါ တွန့်သွားတတ်ကြသည်၊
အချို့လည်း ရဟန်းဖြစ်ပြီးနောက် စား ၀တ် နေ ရေး ကျန်းမာရေးအတွက် အားငယ်သွားတတ်ကြသည်၊ ထိုအခြေအနေအားလုံးကို ဖြေရှင်းပေးသော အနေဖြင့် ရဟန်းသစ်အား မှီရာ ၄-ပါးကို ပြောထားဘို့ရန် မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့ပါသည်။
မှီရာ ၄-ပါး ဟူသည်...
လောကဝေါဟာရအားဖြင့် ဆွမ်း သင်္ကန်း ကျောင်း ဆေး- ပစ္စည်း ၄-ပါးပင် ဖြစ်သည်၊ ယင်း ၄-မျိုး မရရှိရင် ခန္ဓာကိုယ် မရပ်တည်နိုင်၊ ယင်းတို့သည် ခန္ဓာကိုယ်၏ မှီရာများဖြစ်သည်။
ပစ္စည်းလေးပါးသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အမှန်တကယ် လိုအပ်သည် မှန်သော်လည်း ရှာမှီးပုံ နည်းလမ်းမကျလျှင်-
`ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက် လေးသွားနိုင်သည်၊´ သံသရာ ၀ဋ်ဒုုက္ခမှ လွတ်မြောက်ဖို့ရန် ဟူသော ရှင် ရဟန်းပြုလာ ခြင်း၏ ရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် ကိစ္စနည်းပါး၍ အသက်မွေးမှု လွယ်ကူပေါ့ပါးဖို့ လို၏၊
ရဟန်းတော်များနှင့် အသင့်လျော်ဆုံး ပစ္စည်းဖြစ်ရန်-
၁။ တန်ဖိုးနည်းရမည်။
၂။ ကာလ ဒေသမရွေး ရလွယ်ရမည်။
၃။ အပြစ်ကင်းရမည် ဟု
မြတ်စွာဘုရားက မူကြီး ၃-ရပ် ချမှတ်ပေးတော်မူခဲ့သည်။
ယင်း ၃-ရပ်နှင့် အံဝင်ခွင်ကျ ကိုက်ညီသော ပစ္စည်းမျိုးကား-
၁။ ဆွမ်းခံ၍ ရသော ဆွမ်းပစ္စည်း၊
၂။ ပံ့သကူ သင်္ကန်းပစ္စည်း၊
၃။ သစ်ပင်ရင်းတည်းဟူသော ကျောင်းပစ္စည်း၊
၄။ နွားကျင်ငယ် ဟူသော ဆေးပစ္စည်း ဤလေးမျိုးတို့ဖြစ်သည်။
ဆွမ်းဟူသော မှီရာ
ဆွမ်းခံရသော ပစ္စည်းသည် တစ်အိမ် တစ်အိမ်လျှင်
တစ်ဇွန်းတစ်ယောက်မ တစ်လုတ်စာမျှ လောင်းလှူကြရသဖြင့် လှူသူများအား ၀န်မတက်စေရုံမက တန်ဖိုးလည်းနည်းလှ၏၊ ၀န်မတက်စေသဖြင့် အရပ်ဒေသတိုင်း အိမ်မြင်တိုင်း ရဖို့ရန် လွယ်ကူသည်၊ ပေါများသောခေတ်၊ ရှားပါးသောခေတ် ဘယ်ခေတ်မဆို ရလွယ်သည်၊ တစ်လုတ်စာမျှ လောင်းလှူရသဖြင့် ဒါယကာတို့၏အပေါ်မှာ ငဲ့ညှာရခြင်း တွယ်တာခြင်းမထားသဖြင့် တဏှာသံယောဇဉ် ကင်း၏၊
ဒါယကာ အလိုလိုက်ရခြင်း စသော ကုလဒူသက အနေသန မိစ ္ဆာဇီဝ အပြစ်တို့မှ ကင်းသည်၊ ဆွမ်းနှင့် ပတ်သက်၍ စိုးရိမ်သောကဖြစ်ရခြင်း၊ ကြောင့်ကြစိုက်ရခြင်းတို့မှလည်း ကင်းဝေးနိုင်သည်။
အကြောင်း အမျိုးမျိုးကြောင့် ကျောင်းကန်သို့ မလာရောက်နိုင်သူများကို ကုသိုလ်ထုပ် လှည့်လည် ဝေငှသည်မည်သည်၊
အာဟာရပရိယေသန (အာဟာရ ရှာရခြင်း)ဒုက္ခကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်၊ အနာရောဂါကင်းခြင်းစသော စင်္ကြ ံံလျှောက်ခြင်း၏ အကျိုးခံစားနိုင်သည်၊
အရိယာသူတော်ကောင်းတို့၏ လမ်းစဉ် ဆွမ်းခံကျင့်ဝတ်ကို ပူဇော်သည်လည်း မည်သည်၊ ဤသို့ စသည်ဖြင့် ဆွမ်းခံ၍ ရသော ပစ္စည်းသည် အလွန်မွန်မြတ် လှပေသည်။
မြတ်စွာဘုရားသည်
တပည့်သားများအား အာမိသ(ပစ္စည်း)အမွေကို ပေးသောအခါ လတ်တလော အကျိုးထက် ရေရှည်အကျိုးများနိုင်သော ကိုယ်တိုင် ဆွမ်းခံ၍ ရသည့် အာမိသအမွေကို ပေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။
အပိုလာဘ်ကို ခွင့်ပြုတော်မူခြင်း......
မြတ်စွာဘုရားသည် အစွန်းရောက်ဝါဒကို ကျင့်သုံးတော်မမူ၊
ဆွမ်းခံကျင့်ဝတ် ကောင်းသည် မှန်သော်လည်း ဆွမ်းခံဖို့ မလျော်သော အခါ မလျော်သော ပုဂ္ဂိုလ်မျိုးကို ငဲ့ညာပြီး အပိုလာဘ်ကို ခွင့်ပြုတော်မူခဲ့ပါသေး သည်၊
အမြင်ကျယ်သော သဗ္ဗညုတဉာဏ်တော်ရှင် သနားငဲ့ညှာတတ်သော မဟာကရုဏာတော်ရှင်ဖြစ်တော်မူပါပေသည်၊
ကာယဗလအားနည်းခြင်း၊
ခြေလက်မှာ အနာရှိခြင်း၊
မျက်စိအားနည်းခြင်း ဖျားနာ ခြင်း စသော အနာရောဂါ ရှိ၍ ဆွမ်းခံမထွက်နိုင်သူ၊
ကိုယ်ရေ ကိုယ် သား နူးညံ့လှ၍ ဆွမ်းခံထွက်ရလျှင် ကာယိကဒုက္ခဖြစ်ပြီး စိတ္တသုခကို မရနိုင်သူ၊
သံဃာ့ဝန်ကို ဆောင်နေရသူ စသည်တို့သည် ဆွမ်းခံထွက်ဖို့ မလွယ်ကူပေ၊ ၎င်းပြင် စွမ်းနိုင်သောဒါယကာတို့က သံဃာ အားလုံးအတွက်ဖြစ်စေ ပင့်ဖိတ်၍ ဖြစ်စေ လှူဒါန်းရာအခါမျိုး၊ ဤသို့ စသည်ဖြင့် ဆွမ်းခံ၍ မလျော်သော ပုဂ္ဂိုလ် မျိုး အခါမျိုးကို ငဲ့ညှာ၍ ဆွမ်းခံ၍ရသော ဘောဇဉ်ထက် အပိုအလွန်ဖြစ်သည့် ပို့ဆွမ်း ပင့်ဆွမ်းများကို ခွင့်ပြုတော်မူခဲ့ပါသေးသည်။
သင်္ကန်း ဟူသော မှီရာ
အဝတ်သင်္ကန်းသည်လည်း ခန္ဓာကိုယ်အတွက် မှီရာနိဿယ တစ်ပါး အပါ အဝင်ဖြစ်သည်၊
မှန်၏၊ အချမ်းအပူစသော ဘေးရန်ကို ကာကွယ်ရန်နှင့် အရှက်အကြောက်ကို ဖုံးလွှမ်းရန် အဝတ်သင်္ကန်းကို အသုံးပြုရသည်၊
သင်္ကန်း ဟူသမျှတို့တွင်
ပံ့သကူသင်္ကန်း- ဟူသည်
သင်္ချိုင်းကုန်းမှ ရသော အဝတ်၊
သူများ မလိုချင်၍ စွန့်ပစ်ထားသော အဝတ်များကို- ကောက်ယူပြီး ရဟန်းနှင့် လျော်အောင် ဖွပ်လျော် ချုပ်ဆိုး ထားသော သင်္ကန်းဖြစ်သည်၊ သူများမလိုချင်၍ စွန့်ပစ်ထားရာမှရသော အဝတ်သင်္ကန်းဖြစ်၍ တွယ်တာမှု တဏှာ ကင်းသည်၊
အဟောင်း အနွမ်းဖြစ်၍ လိုချင်သူမရှိသဖြင့် စောင့်ရှောက်ရမှုကြောင့် ကြဗျာပါရ သောကငြိမ်းသည်၊
အလှူရှင် ကိုယ်တိုင်လှူသော သင်္ကန်းမဟုတ်၍ ဒါယကာကို ငဲ့ညှာရခြင်း ဒါယကာ၏ စိတ်ကို စောင့်ရှောက်ရခြင်း စသော လူတို့နှင့်စပ်သော တဏှာ သံယောဇဉ်မှ ကင်းသည်။
ဤသို့ စသည်ဖြင့် ပံ့သကူသင်္ကန်းသည် လောကတန်ဖိုး နည်းသော်လည်း လောကုတ္တရာတန်ဖိုး ကြီးမြတ်လှသည်၊ မြတ်စွာဘုရားသည် မိမိတပည့်သား သာဝကများအား မွန်မြတ်သော လောကုတ္တရာကျိုး ရရှိစေလိုသဖြင့် ပံ့သကူ သင်္ကန်းတည်းဟူသော အာမိသအမွေကို ပေးတော်မူခဲ့သည်။
အပိုအလွန်ဖြစ်သော သင်္ကန်း
ပံ့သကူသင်္ကန်းသည် ရဟန်းများနှင့် အသင့်လျော်ဆုံးသော မွန်မြတ်သည့် သင်္ကန်းဖြစ်သော်လည်း လှူဒါန်းမည့်သူရှိလျှင် စေတနာငဲ့၍ အလှူခံပြီး ၀တ်ရုံနိုင်ရန် ခွင့်ပြုတော်မူခဲ့ပါသေးသည်။
ကျောင်း ဟူသော မှီရာ
စားရေးဝတ်ရေး ပြေလည်ရုံနှင့်လည်းမပြီးသေး၊ နေစရာကျောင်းသည်လည်း ခန္ဓာဝန်ကို စောင့်ရှောက်ရန်မရှိမဖြစ်သော မှီရာပစ္စည်းတစ်ခု ဖြစ်သည်၊ အချမ်း အပူစသော ဘေးရန်များကို ကာကွယ်ရန်နှင့်
ကိန်းအောင်းမွေ့လျော်ရန် ကျောင်းကို မှီဝဲသုံးဆောင်ရပါသည်၊
ကျောင်း ပစ္စည်းကို လိုအပ်သည် မှန်သော်လည်း
သာသနာ့အလုပ် ပျက်လောက်အောင် ၀န်တက်မည့်
ကျောင်း အမျိုးမျိုးရှိသည့်အနက် သစ်ပင်ရင်း တည်းဟူသော ရုက္ခမူကျောင်းသည်-
၁။ တန်ဖိုးလည်း နည်းသည်၊
၂။ ကာလ ဒေသ မရွေး ရလွယ်သည်၊
၃။ အပြစ်ကင်းသည်၊
၄။ တံခါးပိတ်ရမှု၊ ပြုပြင်ရမှု စောင့်ရှောက်ရမှု စသော ပလိဗောဓ ကင်းသည်၊
၅။ ကျောင်း၌ စွဲလန်းတွယ်တာမှု တဏှာသံယောဇဉ်မှလည်း ကင်းသည်။
ဤသို့ စသည်ဖြင့် မရေတွက်နိုင်သော အကျိုး အာနိသင်နှင့် ပြည့်စုံသဖြင့် အလွန်မွန်မြတ်လှသည်၊ သူတော်ကောင်းတို့နှင့်လည်း လျော်ကန်သည်၊ ထိုအကျိုး အနန ္တတို့ကို ရစေလို၍
မြတ်စွာဘုရားသည် ရုက္ခမူကျောင်းတည်း ဟူသော အာမိသအမွေကို ပေးတော်မူခဲ့ပါသည်။
အပိုအလွန်ဖြစ်သော ကျောင်း
သစ်ပင်ရင်း တည်းဟူသော ကျောင်းသည် ၀ိပဿနာဓုရပုဂ္ဂိုလ်များနှင့်
သင့်လျော်သည်မှန်သော်လည်း ဥတုဘေးဒဏ်မခံနိုင်သူ၊
ပရိသတ် မွေး၍ ဂန ္ထဓုရ တာဝန် ထမ်းဆောင်သူ ပုဂ္ဂိုလ်များ အတွက်ကား မိုးလုံလေလုံ ကျောင်းများကို လိုအပ်ပါသေးသည်၊
ရုက္ခမူကျောင်းထက် အပိုအလွန်ဖြစ်သော ကျောင်းမျိုး ကား ၄-ဖက်မိုး ကျောင်း၊ ပြာသာဒ်၊ လိုဏ်ဂူ၊ အုတ်တိုက် စသော အဆောက်အအုံများဖြစ် သည်။
ဆေး ဟူသော မှီရာ
စားဝတ်နေရေး ပြည့်စုံပြီး ကျန်းမာရေး မပြည့်စုံပြန်လျှင်လည်း မည်သည့် လုပ်ငန်းကိုမျှ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ချေ၊
ကျန်းမာခြင်းသည် တရားအားထုတ်သူ၏ အင်္ဂ ါတစ်ပါးဖြစ်သည့်အပြင် အကောင်းဆုံး လာဘ်တစ်ပါးလည်းဖြစ်သည်၊ ထို့ကြောင့် ကျန်းမာရေးအတွက် ဆေးပစ္စည်းကို မရှိမဖြစ်သော မှီရာနိဿယတစ်ပါး အဖြစ် မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ပါသည်။
ဆေးအမျိုးမျိုးရှိသည်တွင် တန်ဖိုးနည်းခြင်း၊ ရလွယ်ခြင်း၊ အပြစ်ကင်းခြင်း ဟူသော မူ ၃-ရပ်နှင့်ညီသည့် ပူတိမုတ္တဆေးကို အာမိသအမွေအဖြစ် မြတ်စွာ ဘုရား ပေးတော်မူခဲ့ပါသည်၊
ပူတိမုတ္တဆေးဟူသည် နွားကျင်ငယ်တည်း၊
`နွားကျင်ငယ်ဖြင့် စိမ်အပ်သော ဇီးဖြူသီးကိုလည်းကောင်း ပုပ်သိုးသည် မကောင်းသည်ဖြစ်၍ စွန့်ပစ်ထားအပ်သော ဆေးကိုလည်းကောင်း ပူတိမုတ္တ ဆေး ဟု ခေါ်ကြသေးသည်၊
၀ါဒအမျိုး မျိုးရှိသော်လည်း တန်ဖိုးနည်းခြင်း၊ ရလွယ်ခြင်းဟူသော မူနှင့် ကိုက်ညီသော ပူတိမုတ္တဆေးမှာ နွားကျင်ငယ်သာ ဖြစ်သင့်သည်၊ နွားကျင် ငယ်ကို သောက်သုံးက အဖျားရောဂါ လေငန်းရောဂါ သွေးဒူလာ ရောဂါ စသော ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သည်။
အပိုအလွန်ဖြစ်သော ဆေး
ပူတိမုတ္တဆေးသည် မွန်မြတ်သော ဆေးဖြစ်သော်လည်း သင့်လျော်သော အကောင်းရှိက ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ ဟူ သော ဆေး ၅-မျိုးနှင့် ဗိန္ဓောဆေးများကိုလည်း လိုအပ်သလို သုံးနိုင်ရန် အပိုခွင့်ပြုတော်မူခဲ့ ပါသည်။
(ဆောင်ရန်) ပစ္စည်း ၄-ပါး သုံးဆောင်နည်း
``မှီရာလေးသင်း၊ မာရ်ကျော့ကွင်း၊ ၀ဋ်တွင်း နက်လေစွ´´ ဟူသည်နှင့် အညီ ပစ္စည်း ၄-ပါး၌ သာယာငြိတွယ်၍ ကျော့ကွင်းမိခဲ့လျှင်
၀ဋ်ဒုက္ခတွင်း နစ်မွန်းရသည်၊
ပစ္စည်း ၄-ပါး ရှာမှီးရာ၊ သုံးစွဲရာတို့၌ ကျွမ်းကျင် လိမ္မာဖို့ အရေးကြီးသည်၊ ၀ိနည်းတော်နှင့် အညီ ရှာမှီး တတ်ဖို့ သုံးစွဲတတ်ဖို့ လိုသည်၊
ငှက်ပျော ဝါး ကျူပင်တို့ကို မိမိအသီးက ပြန်၍ သတ်ဖြတ်သကဲ့သို့ ပစ္စည်းလာဘ်လာဘ က ရဟန်းကို ပြန်၍ သတ်ပါသည်။
ပစ္စည်း ၄-ပါးသည် သုံးတတ်လျှင်ကား ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်တတ် ပါသည်၊ ဘေးမဖြစ်ရန် သုံးစွဲနည်း ပစ္စဝေက္ခဏာတို့ကိုလည်း မြတ်စွာဘုရား က ထပ်မံ၍ ညွှန်ကြားတော်မူခဲ့ပါသေးသည်။
လုံးဝ မပြုထိုက်သော အရာ (ရှောင်ရန်) ၄-မျိုး....
ဆောင်ရန် သိဖို့ထက် ရှောင်ရန် သိဖို့က ပို၍ အရေးကြီးပါသည်၊
လွန်ကျူးမိက ကုစား၍ မရနိုင်ကောင်းသော ပြစ်မှုမျိုးလည်း ရှိတတ်သေး သည်၊ မီးခဲကို ကိုင်မိ၍ အပူလောင်ခံရသော အနာကို ဆေးကုလို့ ရနိုင်သည်၊ ၆၆၀၀-ရှိ မဟာဓာတ်အားလိုင်း လျှပ်စစ်ကြိုးကို ကိုင်မိလျှင်
တစ်ခါတည်း မီးလောင်ပြာကျပြီး သေသွားမည်၊ ဆေးကုလို့မရတော့၊
ထို့အတူ သံဃာဒိသေသ် စသော အာပတ်အပြစ်များ ကျူးလွန်မိလျှင် ကုစား၍ ရနိုင်သေးသည်၊
ပါရာဇိကပြစ်မှု မျိုးကို ကျူးလွန်မိလျှင် တစ်ခါတည်း ရဟန်းဘဝ ဆုံးရှုံး သွားတော့သည်၊ တစ်ဖန် ရဟန်းကောင်းဖြစ်အောင် ကုစား၍ မရနိုင်တော့၊ ဘုရားလက်ထက် က ရဟန်းတော်လေးတစ်ပါး ရဟန်းခံပြီး ရက်ပိုင်းအတွင်း မသိ နားမလည်သဖြင့် မယားဟောင်းနှင့် လွန်ကျူးမိသွား၏၊ ရဟန်းဘဝဆုံးရှုံးသွားကြောင်း နောက်မှ သိရသည်၊
ထိုအဖြစ်မျိုး မကြုံမိစေရန် မှီရာ ၄-ပါးကို ပြောကြားပြီးနောက် မပြုထိုက်သော အရာ ၄-ပါးကို ပြောထားရန် မြတ်စွာဘုရားက မိန့် ကြားတော်မူခဲ့ပါသည်။
ယင်း ၄-ပါးတို့ကား-
၁။ လည်ပင်းပြတ်သွားသော ယောက်ျားသည် တစ်ဖန် အသက်မရှင်နိုင်၊ ထို့အတူ မေထုန်မှီဝဲလျှင် ရဟန်းအဖြစ် ဆုံးရှံုးသွားတော့သည်၊ ထို့ကြောင့် ရဟန်းဘဝမှာ နေသမျှ ကာလပတ်လုံး မေထုန်မမှီဝဲရ။
၂။ အညှာမှ ကြွေကျပြီးသော သစ်ရွက်ရော်သည် နောက်ထပ် တစ်ဖန်
စိမ်းလန်း ခြင်းငှါ မထိုက်တော့၊
ထို့အတူ တမတ် တမတ်တန်သော ဥစ္စာ၊ တမတ်ထက် ပိုလွန်သော ဥစ္စာတို့ကို ခိုးယူမိလျှင် ရဟန်းဘဝ ဆုံးရှံုးရတော့သည်၊ ထို့ကြောင့် သူတပါး ဥစ္စာကို မြက်၊ ၀ါး ခြမ်းစိတ်မှ စ၍ မခိုးယူရ။
၃။ နှစ်ခြမ်းကွဲပြီးသော ကျောက်ဖျာကြီးသည် ပကတိအတိုင်း တဖန် ပြန်ဆက် စပ်၍ မရနိုင်သကဲ့သို့
လူဇာတ်ရှိသူကို သတ်မိလျှင် ရဟန်း မဟုတ်တော့၊ ထို့ကြောင့်
သူတပါး အသက်မှန်သမျှကို မသတ်ရ။
၄။ လည်ဆစ်ပြတ်လေပြီးသော ထန်းပင်သည် တဖန် စည်ပင် ပြန့်ပွါးခြင်းငှါ မထိုက် တော့သကဲ့သို့
မိမိသန ္တာန်ဝယ် တကယ်မရှိသော စျာန် မဂ် ဖိုလ် တရားများကို လိမ်ညာပြော မိလျှင် ရဟန်းမဟုတ်တော့၊ ထို့ကြောင့် လိမ်ညာ မပြောရ၊ လိမ်ညာ ပြောခြင်း အမှုကို ရဟန်းဘဝမှာ နေသမျှ ရှောင်ကြဉ်ရမည်။
နားလည်မှုယူ၍ ခွင့်လွှတ်ခြင်း....
ရဟန်းဖြစ်ချိန် မှတ်တမ်း၊ ဆောင်ရန် ၄-ပါး၊ ရှောင်ရန် ၄-ပါး တို့ကို ပြောကြား ပြီးနောက် လိုက်နာကျင့်သုံးရမည့် ၀တ္တရားများ မလစ် ဟင်းစေရန်နှင့်
လစ်ဟင်းမှုရှိက သက်သာခွင့်ရရန် လမ်းညွှန်ချက် ပေးရသေးသည်၊
ဥပဇ္စျာယ် ဆရာနှင့် ကမ္မဝါစာ ဆရာတို့သည် ရဟန်းဖြစ်အောင် ချီးမြှောက်ပေး ကြသော ဆရာရင်းများ ဖြစ်ကြသည်၊
ရဟန်းခံရာတွင် သံဃာအရေအတွက် ပြည့်မီအောင် ပါ၀င်သူ ကာရက သံဃာ များသည်လည်း ရဟန်းသစ်၏ ကျေးဇူးရှင်များပင် ဖြစ်ကြ၏၊ သာသနာတော် တွင်း၌ ဆရာတပည့်အချင်းချင်း ဆက်ဆံရေးဝတ္တရား များရှိကြသည်၊
၀တ္တရားမကျေပွန်လျှင် အာပတ်အပြစ်ဖြစ်ရုံမက သီလကိုလည်း ဖြည့်ကျင့် သည်မမည်၊ သီလမစင်ကြယ်က စိတ်တည်ငြိမ် မှုမရှိဘဲ မဂ် ဖိုလ် နိဗ္ဗာန်ကို လည်း မရနိုင်၊ ထို့ကြောင့် ဆရာတပည့်တို့ တာဝန် ကိုယ်စီ ဖြည့်ကျင့်ကြရ သည်၊
ဆရာတပည့် အနေကွာခြင်း စသော အကြောင်းကြောင့် ၀တ္တရားမပြုနိုင်ခဲ့ သော် အပြစ်မှ သက်သာခွင့်ရရန် နားလည်မှုယူပြီး ခွင့်ပြုထားလျှင် အပြစ်လွတ်နိုင်သည်။
အချင်းချင်း ခွင့်လွှတ်ပုံ....
`ဥပဇ္စျာယ်ဆရာ ကမ္မဝါစာဆရာ ကာရကသံဃာတော်အရှင်မြတ်တို့ဘုရား၊ အရှင်မြတ်တို့အပေါ်၌ တပည့်က ပြုရမည့် ၀တ္တရားများစွာပင် ရှိပါသည်ဘုရား၊ နေရာတပါး ဝေးခြားခြင်းစသော အကြောင်းကြောင့် ခွင့်ပြု၍ရစကောင်းသော ၀တ္တရားများကို မပြုဘဲနေနိုင်ရန် ခွင့်လွှတ် တော်မူပါဘုရား၊ ဘုရားတပည့်တော်အပေါ်၌ အရှင်မြတ်တို့ ပြုရမည့် ၀တ္တရားများကိုလည်း တပည့်တော်က မသာယာဘဲ ခွင့်လွှတ်ပါသည် ဘုရား´။
သာသနာ့တာဝန် ထမ်းဆောင်ခြင်း....
ရှင်သာမဏေနှင့် ရဟန်းနှစ်ဦးစလုံးသည် လူ့ဘောင်ကို စွန့်ခွါပြီး အိမ်ရာ မထောင် သာသနာ့ဘောင်၌ သာသနာ့တာဝန်များကို ထမ်းဆောင် နေသူများ ဖြစ်သည်။
သာသနာ့တာဝန် ဟူသည် အချုပ်အားဖြင့် ဂန ္ထဓုရ၊ ၀ိပဿနာဓုရ- ဟု နှစ်မျိုးသာ ရှိသည်၊ သင်ယူလေ့ကျင့်ရေး တာဝန်၊ ကျင့်ကြံရေးတာဝန် ဟု ဆိုလိုသည်၊ အနည်းငယ် ချဲ့ဦးအံ့--
၁။ ဂန ္ထဓုရ- ပိဋကတ်စာပေကျမ်းဂန် သင်အံပို့ချရေးတာဝန်။
၂။ ၀ိပဿနာဓုရ- ကမ္မဋ္ဌာန်းဘာဝနာ ပွါးများအားထုတ်ရေးတာဝန်။
ဤနှစ်ရပ်ကို ရည်ရွယ်၍-
`ရဟန်းကိစ္စ၊ နှစ် ဓုရ၌၊ လု့ံလအားသည်း၊ ဟိတ်ဟန်နည်း၍၊ ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျို ကြီးပွါးကြောင်း´ဟု မိန့်ဆိုကြသည်။
ပိဋကတ်စာပေကျမ်းဂန် သင်ကြားနေကြသော ဂန ္ထဓုရပုဂ္ဂိုလ်တို့သည် ရည်ရွယ်ချက် သုံးမျိုးဖြင့် သင်ကြားနေသည်ကို တွေ့ရသည်။
ပရိယတ္တိ ၃-မျိုး
၁။ မြွေဖမ်းတတ်ခြင်းနှင့် တူသော သင်ယူပုံ၊
၂။ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရန် အကျိုးကို မျှော်ကိုး၍ သင်ယူပုံ၊
၃။ ဘဏ္ဍာစိုးနှင့် တူသော သင်ယူပုံ။
စာပေကျမ်းဂန် သင်ယူရာတွင်-
၁။ အချို့က သူတပါးကို နှိမ်ရန် ၀င့်ကြွားရန်၊ ဘုန်းကြီးရန် စသော လောဘ ဒေါသ အကုသိုလ်မူလ အရင်းခံဖြင့် သင်ယူကြသည်၊ ထိုသင်နည်းမျိုးကို မြွေဖမ်းတတ်ခြင်းနှင့်တူသော သင်ယူနည်းဟု ခေါ်သည်၊
မြွေဖမ်းသောအခါ အဖမ်းမတတ်လျှင် ထိုမြွေ ကိုက်၍ သေသော်လည်း သေရာ၏၊ ထို့အတူ လောဘ ဒေါသ အကုသိုလ်မူလ အရင်းခံဖြင့် သင်ကြားလျှင် ထိုအကုသိုလ် ကပင် မိမိကို အပါယ်သို့ ပို့ဆောင်ပါလိမ့်မည်။
၂။ သီလ သမာဓိ ပညာ ဖြည့်ကျင့်ဖို့ရန် ရည်ရွယ်ချက်ဖြင့် သင်ယူခြင်းကို သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရန် အကျိုးကို မျှော်ကိုး၍ သင်ယူနည်း ဟု ခေါ်သည်၊ ထိုသင်ယူခြင်းမျိုးသည် မြွေဖမ်းတတ်သဖြင့် မြွေကိုက်မခံရသကဲ့ သို့ လိုအပ်သော အကျိုးပြီးမြောက်နိုင်သည်။
စာသင်နေသူများကို မနှိမ်သင့်ပါ.....
၃။ သာသနာတော်၌ ကိစ္စအားလုံး ပြီးပြည့်စုံနေသော ရဟန ္တာပုဂ္ဂိုလ်သည် သူတော်ကောင်းတရားကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သင်ယူ၏၊ မိမိအတွက် ရည်ရွယ်ချက်မရှိ၊ ထိုသင်ယူခြင်းမျိုးကို ဘဏ္ဍာစိုးနှင့် တူသော သင်ယူနည်းဟု ခေါ်သည်။
ဆိုခဲ့ပြီးသော သုံးမျိုးတွင် နံပါတ် ၂-သင်ယူနည်းမျိုးဖြင့် သင်ယူမှသာလျှင် ရှင် ရဟန်းပြုရကျိုးနပ်နိုင်ပါသည်၊ အချို့လည်း ငယ်ရွယ်စဉ် နံပါတ် ၁-သင်ယူ နည်းမျိုးဖြင့် သင်ယူရင်းပင် ပိဋကတ်တော်၏ အနှစ်သာရများကို သိရသဖြင့် နံပါတ် ၂-သင်ယူနည်းမျိုးသို့ ပြောင်းလဲ သွားသည်ကို အများအပြား တွေ့ရပါ သည်။
ပရိယတ်နှင့် ပဋိပတ်သည် ခွဲလို့ မရ၊ တစ်ခုနှင့်တစ်ခု မှီတွယ်နေသည်၊ တစ် ချို့က ပေါဋ္ဌိလမထေရ်ကို ပုံစံထုတ်၍ ပရိယတ်ကို ပုတ်ခတ် နေကြပါသည်၊ စာသင် စာချနေသူများကို နွားနို့မသောက်ရသော နွားကျောင်းသား ပမာထား လျက် သနားသယောင်ယောင်ပြု၍ ပြက်ရယ် ပြုနေကြပါသည်၊
ထိုသူများ၏ အဆိုကြောင့်-
`တရားမနာ၊ စာပေ မသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မပြု´ လျှင်သော်လည်းကောင်း-
`စာသင် ပယ်လျော၊ ကျယ် မဟောကြ၊ ကျယ် မချနှင့်၊ ကျယ်စွ မအံ၊ မကြံမစည်´လျှင်သော်လည်းကောင်း-
သာသနာကွယ်သွားနိုင်သည် မဟုတ်လော?။
သို့ဖြစ်လျှင် သာသနာကွယ်ခြင်း၌ မည်သူ့အပေါ်မှာ တာဝန်ရှိပါသနည်း၊ ပညာ ရှိများ စဉ်းစားရန်၊
လူထွက်လို၍ တိုင်ပင်ရာတွင် သပိတ် သင်္ကန်းကို လိုချင်သဖြင့် အားပေးမိသောကြောင့် ရ-ကြိမ် လူထွက်ရသော စိတ္တဟတ္ထထေရ်၏ ၀ဋ်ကြွေးကိုလည်းကောင်း၊
စာချဘုန်းကြီးဘဝက စာသင်သား စိတ်ဓာတ်ကျအောင် ပြောဆိုမိသဖြင့် ဂါထာလေး တစ်ဂါထာကိုပင် တစ်ဝါတွင်းလုံးရအောင် မကျက်နိုင်သော ရှင်စူဠပန်၏ ၀ဋ်ကြွေးကိုလည်းကောင်း
နှလုံးမူ၍ စာသင်နေသူများ စိတ်ဓာတ်ကျအောင် မပြောမိဖို့ သတိပြုရမည်။
နံပါတ် ၂-သင်နည်းဖြင့် စာပေကျမ်းဂန် သင်ယူလျှင် ကိလေသာ ၀င်ခွင့်မရ၊ သီလ သမာဓိ ပညာ ရင့်ကျက်ပြီး မလိဃဒေဝ ထေရ်ကဲ့သို့ အရဟတ္တဖိုလ်သို့ ပင် ဆိုက်ရောက်နိုင်သည်၊
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ-ဆိုသကဲ့သို့ ပရိယတ် ပဋိပတ် နှစ်ရပ်တို့သည် အချင်းချင်း အင်အားပြုမှ ကြီးပွါး တိုးတက်နိုင်ကြမည်။
`ငါ ပရိယတ်သမား၊ ငါ ပဋိပတ်သမား´ဟု ကြွေးကြော်ရုံမျှနှင့် မပြီးပါ၊ပရိယတ်သည် ပစ္စည်း ၄-ပါး ကျောထောက် နောက်ခံရှိသည်၊
ပဋိပတ်သည် ဓုတင် ကျောထောက် နောက်ခံ ရှိသည်။
အနှစ်ရှာကြစို့....
စန္ဒကူးနှစ်ကို ရလိုလျှင် စန္ဒကူးပင်ကြီးမှ အပွေး အခေါက် အခွံ အကာတို့ကို ပယ်ရှားပစ်ရမည်၊ အပွေး အခေါက် အခွံ အကာတို့ဖြင့်သာ တင်းတိမ်နေလျှင် စန္ဒကူးနှစ်ကို မရနိုင်၊ ထို့အတူ သာသနာ့ဘောင် ၀င်၍ ရှင် ရဟန်းပြုနေခြင်း သည် အရဟတ္တဖိုလ် အနှစ်ကို ရှာဖွေနေခြင်းပင် ဖြစ်သည်။
သို့ပါလျက်-
၁။ အချို့က အပေါ်ယံ အပွေးမျှဖြစ်သည့် လာဘ သက္ကာရ သိလောက (လာဘ်ရမှု၊ အပူဇော်ခံရမှု၊ အရှိန်အဝါရှိမှု)နှင့် တင်းတိမ်နေ၏။
၂။ အချို့က တဆင့်တက်ပြပြီး အခေါက်ပမာ သီလမျှဖြင့် တင်းတိမ်နေသည်။
၃။ အချို့ကလည်း တတိယဆင့် အခွံနှင့်တူသော စျာန်သမာဓိလောက်ကို အဟုတ်ကြီး ထင်နေပြန်သည်။
၄။ အချို့မှာ စတုတ္ထဆင့် အမြင်ထူးရ တန်ခိုးပြနိုင်ခြင်းဟူသော အဘိညာဉ်ကို ပင် ရဟန ္တာအဖြစ် ထင်နေကြသည်၊ အဘိညာဉ်သည် သာသနာတော်၏ အကာမျှ ဖြစ်နေသည်ကို မသိကြပေ။
၅။ တကယ့်အနှစ် အရဟတ္တဖိုလ်အစစ်ကို ရလိုလျှင်-
လာဘ သက္ကာရ သိလောက- အပွေး၊ သီလ- အခေါက်၊ သမာဓိ- အခွံ၊ အဘိညာဉ်- အကာတို့ကို ပစ်ပယ်ရမည်၊
မလိုအပ်သည်များကို ပယ်ရှား၍ အရဟတ္တဖိုလ်အနှစ်ကို ရယူနိုင်မှသာ အစ၌ ဆိုခဲ့သော ဒုက္ခကင်းရေးရည်ရွယ်ချက် အထမြောက်ပေမည်။
နိဂုံးချုပ်....
အချုပ်ဆိုရသော် သတ္တဝါတိုင်း ဒုက္ခနှင့် ရင်ဆိုင်နေကြရသည်ချည်းဖြစ်၍
ဒုက္ခကင်းလိုကြသည်၊
ဒုက္ခကင်းရေး နည်းလမ်းအစစ်ကား ဗြဟ္မစရိယပင် ဖြစ်သည်၊
ဗြဟ္မစရိယကို ပြည့်စုံဖြူစင်စွာ ဖြစ်အောင် ကျင့်ကြံဖို့ရာလည်း
ရဟန်း ပြုကြသည်။
ရှင်သာမဏေ ဖြစ်ခွင့်ကို သရဏဂုံဖြင့် ပြုရသော နည်းတစ်မျိုးကိုသာ ခွင့်ပြုတော်မူခဲ့သည်။
ရဟန်းဖြစ်ခွင့်ကိုကား-
`ဧဟိ သရဏ၊ သြဝါဒ၊ ပဥ္စ ဂရုဓမ်။
ဒူတေ အဋ္ဌ၊ ဥတ္တိပြ၊ ရှစ်ဝ ရဟန်းမှန်´ဟူ၍ ၈-မျိုး ခွင့်ပြုတော်မူခဲ့သည်။
ထို ၈-မျိုးတို့တွင် ဥတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးနိုင်သော စနစ်တစ်ခု သာ ယနေ့ထက်တိုင် ရှင်သန်လျက် ရှိနေပေသည်၊
ထိုစနစ်ကို မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့် နှင့် တပေါင်းလပြည့် အကြားလောက်မှာ စတင် ပညတ်တော်ခဲ့သည်၊ သာသနာတည်သရွေ့ တည်ရှိမည့် နည်းစနစ်လည်း ဖြစ်သည်၊ မြတ်စွာဘုရားသည် ရှင် ရဟန်းပြုခွင့်ပေးရာမှာ ကြည်ညိုဖွယ်ရာ ဖြစ်စေနိုင် သည့် ဥပဓိသမ္ပတ္တိရှိသူများကိုသာ ခွင့်ပြုခဲ့ပါသည်။
ရှင် ရဟန်းဖြစ်ခွင့်ရသူများသည်
အဓိသီလ သိက္ခာပုဒ်များ၏ တည်ရာ စေတီ အိမ်များဖြစ်၍
လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံး၏ ရှိခိုး ဦးခိုက်မှုကို ခံထိုက်ကြရသည်၊ မြတ်စွာဘုရားသည်
တပည့်သားများတွက် အာမိသအမွေ၊ ဓမ္မအမွေ ၂-မျိုးလုံးကိုပေးခဲ့ပါသည်၊ တပည့်သားများကလည်း
ရရှိသည့် အမွေပစ္စည်း ၂-မျိုး စလုံးကို အသုံးချဖို့လိုပါသည်။
အာမိသအမွေဖြင့်သာ လမ်းဆုံးနေလျှင်-
`သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ´ဟူသော
မူလ ရည်ရွယ်ရင်းကိစ္စ ပြီးမြောက်မည်မဟုတ်ပါ၊
ပစ္စည်း ၄-ပါး အာမိသအမွေကို တရားနှင့်အညီ သုံး ဆောင်ခြင်း၊ ရှောင်ကြဉ်ခြင်း၊ လိုက်နာခြင်းတို့ဖြင့် ဓမ္မအမွေကိ်ု ခံယူမှသာ
ဒုက္ခကင်းရေး ရည်ရွယ်ချက် အောင်မြင်မည် ဖြစ်ကြောင်း တင်ပြရင်း
နိဂုံး ချုပ်လိုက်ပါသည်။
အရှင်တိလောကာဘိ၀ံသ (အင်းစိန်)
၁၃၄၆-ခု၊ ကဆုန်လဆုတ် ၁၁-ရက်၊
၂၅၊ ၅၊ ၁၉၈၄၊ သောကြာနေ့။
(အချို့နေရာများ၌ စာဖတ်သူများနှင့် အဆင်မပြေမည်စိုး၍ ချန်လှပ်ထား ခဲ့သည်များ, အနည်းငယ် ဖြည့်စွက်ထားသည်များလည်း ရှိပါသည်။)
No comments:
Post a Comment