မိုက်နဲ့ ပြောလေ့ပြောထ မရှိလျှင် အကောင်းဆုံး ပြောမယ်ဆိုပြီး ရက်ပေါင်းများစွာက စုဆောင်းခဲ့ လေ့လာ လေ့ကျင့်လာခဲ့တာတွေသည်.........
၁။ မိုက်ရှေ့ရောက်သွားသည့်အခါ ကြက်ပျောက်ငှက်ပျောက် ပျောက် သွားတတ်သည်။
သို့တည်းမဟုတ်
၂။ စပီကာ ဘောက်စ် စသည်မှ မိမိအသံကို မိမိပြန်ကြားရသောအခါမှာ အားရပါးရ ပြောမယ်ဆိုပြီး မောင်းတင်လာခဲ့တာတွေ ကိုယ့်အသံ ကိုယ် ပြန်ကြောက်ပြီး ပျောက်သွားတတ်သည်။
ပင်ကိုယ်က ရဲရင့်မှု ရှိရင်းစွဲရှိရင်ဖြင့် မထောင်းတာပေမယ့် တခြားသူ များအဖို့တော့ ခက်ခဲမှာ အမှန်ပါ၊ အထူးသဖြင့် မိမိတို့ ရဟန်း သာမဏေများသည် နောင်တစ်ချိန်မှာ ဖြစ်စေ အရေးပေါ်အခြေအနေမှာဖြစ်စေ ပရိသတ်ရှေ့မှာ ပြောဖို့ လိုအပ်လာလျှင် ရဲရင့်ပိုင်နိုင်စွာ ပြော တတ်ဖို့ သူများထက် ပိုလိုအပ်ပါလိမ့်မည်။

ယင်းပွဲလေးကို ပြီးခဲ့သည့် ၀ါခေါင်လပြည့်နေ့မှ စတင်ပြီး ကျင်းပပေးခဲ့သည်၊ ရ-ရက် တစ်ပတ်လျှင် ၃-ပါးကျ မဲစနစ်ဖြင့် အဖွဲ့များ ဖွဲ့ပေးကာ ရွေးချယ်ထားပြီး ဒီအစီအစဉ်လေးကို လာမည့် တန်ဆောင်မုန်းလကွယ်နေ့ ညမှာ အောင်မြင်စွာ ရုတ်သိမ်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားပါသည်၊ မနက်ဖြန် ဥပုသ်နေ့ဆိုလျှင် တတိယအဖွဲ့ ဟောပြောရမည့်နေ့ ဖြစ်ပါသည်။
ကျင်းပခဲ့ပြီး အဖွဲ့နှစ်ဖွဲ့အနက် ပြီးခဲ့သည့် ဥပုသ်နေ့ (စက်တင်ဘာ 9)က ကျင်းပခဲ့သည့် ဒုတိယအဖွဲ့၏ ဟောပြောချက်များသည် မိမိ၏ စိတ်ကို နှစ်သိမ့်စေခဲ့သည်။
အထူးသဖြင့် ပထမဆုံး ဟောပြောသူ ကိုရင် ရှင်ပညာဝံသ (ကျွန်းလှ)၏ “မေတ္တာဖြင့် နေထိုင်နည်း” ဆိုသော ခေါင်းစဉ်ဖြင့် ဟောပြောသော အကြောင်းအရာများသည် မိမိကို ကျေနပ်မှု အလွန်တရာ ပေးနိုင်ခဲ့ သဖြင့် အဲဒီနေ့ ညက မိမိ အလွန်ပျော်ရွှင်မိ အားရမိခဲ့သည်၊ သို့ဖြစ်၍ သူ၏ ဟောပြောချက်များကို မိမိ၏ facebook စာမျက်နှာမှာလည်း တင်ထားဖြစ်ခဲ့သည်။
တခြား ကိုရင် ၂-ပါးကမူ ပထမကိုရင်လို မဟုတ်ဘဲ ကြောက်နေသဖြင့် အသံများလည်း တုန်နေသည်၊ လက်များလည်း တုန်နေသည်၊ သို့နှင့် လက်များ ဆုပ်ကိုင်ထားရန် သူ တစ်ခုခုကို လိုက်ရှာနေသဖြင့် မိမိက သွားပြီး ဖေးမပေးမိလျက်သား ဖြစ်နေခဲ့သည်။
နောက်ဆုံးကိုရင်သည် အသံတုန် လက်တုန် ကြောက်နေသော်လည်း ပြောစရာရှိသည်များကို ဟန်မပျက် အဆုံးအထိ အဆင်ပြေအောင် ဆက်လက်ပြောနေသည်ကို မြင်ရသဖြင့်လည်း မိမိမှာ အံ့သြဝမ်းသာ ဖြစ်မိခဲ့ရပါသည်။.....
No comments:
Post a Comment