၁။ မိစ္ဆာအယူရှိသူများသည် သူ့အသက်သတ်ခြင်းစသော မကောင်းမှုများကို လုပ်ခြင်းသည် အပြစ်မရှိ ဟု ယူဆပြီး မသိဘဲ နားမလည်ဘဲ မကောင်းမှုကို ပြုလုပ်ကြသည်။
၂။ မှန်ကန်သော အယူရှိသူများကား အပြစ်ရှိမှန်း သိလျက် တမင်တကာ လွန်ကျူးကြသည်။
ထိုပုဂ္ဂိုလ်နှစ်မျိုးတွင်-
နံပါတ် ၁ ပုဂ္ဂိုလ်သည် ပို၍ အပြစ်ကြီးသည်။
ရှင်းပြပါဦးမည်...
(က) မကောင်းမှုပြုလုပ်ခြင်းသည် အပြစ်ရှိပါလျက် အပြစ်မရှိဟု ယူခြင်းသည် မိစ္ဆာအယ
ူဖြစ်သည်၊ ယင်းမိစ္ဆာအယူ အရင်းခံ၍ မကောင်းမှု ပြုရာ၌ တွန့်ဆုတ် ခြင်း မရှိ၊ ရဲရဲဝံ့ဝံ့ပြုလုပ်သည်၊ ထို့ကြောင့် မကောင်းမှု အကုသိုလ်သည် မိစ္ဆာ အယူရှိသူတို့သန္တာန်၌ ကြီးလေးစွာ အဖတ်တင်ရစ်သည်၊
ဥပမာ.
ရဲရဲညိသော သံတုံးကို ရွှေတုံးထင်၍ ကိုင်သူမှာ ပြင်းထန်စွာ ပူလောင်ခံရ သကဲ့သို့ဖြစ်သည်။
(ခ) အပြစ်ရှိမှန်း သိလျက် ကျူးလွန်သူကား ထိုအကုသိုလ်အပြစ်ကို ကြောက် ရွ့ံတွန့်ဆုတ်လျက် မရှောင်ကြဉ်နိုင်၍ ပြုလုပ်မိသည်၊ ထို့ကြောင့် ထိုသူ၏ အကုသိုလ်အပြစ်သည် မိစ္ဆာအယူနှင့် ယှဉ်တွဲ ပြုလုပ်သော အကုသိုလ်အပြစ် လောက် မကြီးမားချေ၊
ဥပမာ. အဆိုပါ သံတုံးကို မလွှဲသာ၍ ကိုင်ရသူမှာ အပူသက်သာအောင် ကိုင်သကဲ့သို့ဖြစ်သည်။ (မိလိန္ဒပဥှာ ပါဠိတော်ကို ကိုးကားသည်)
သို့ဖြစ်လျှင် `ရာဇသတ်ဥပဒေကိုဖြစ်စေ ဘုရားပညတ်တော်ကိုဖြစ်စေ သိ လျက် လွန်ကျူးသူတို့မှာ လောကရေးရာ ဓမ္မရေးရာမှာ အဘယ့်ကြောင့် ကြီး လေးသော အပြစ်ကို ရကြပါသနည်း´ ဟု မေးခွန်းထုတ်စရာရှိပြန်သည်။
အဖြေကတော့-
သိလျက် ကျူးလွန်သူတို့၌ ရာဇသတ်ဥပဒေနှင့် ၀ိနည်းပညတ်ကို ကျူးလွန် ပြစ်သာမက ဥပဒေပညတ်တော်ကို မလေးစားမှု အဂါရဝ ဒေါသစိတ်များ လည်း ခြံရံလျက် ပါနေသည်၊ ထို့ကြောင့် ကြီးလေးသော အပြစ်ထိုက်သည်။
ထို့ပြင် ပညတ်တော်ဥပဒေများကို နားမလည်ခြင်းမှာ ဒိဋ္ဌိမဟုတ်၊ အချို့အရာ၌ မောဟ၊ အချို့အရာ၌ မသိခြင်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိ သည့်အတွက် ဥပဒေပညတ်တော်ကို ကျူးလွန်ရာ၌ ဥပဒေပြုလုပ်သူ အပေါ်၌ လည်းကောင်း ဘုရားရှင်အပေါ်၌လည်းကောင်း မလေးစားသော စိတ် မပါရ ကား လောကအလိုက်လည်း ညှာညှာတာတာ အပြစ်ပေးရသည်၊ သံသရာ ဘေးမှာလည်း သိလျက် ကျူးလွန်သူလောက် မကြီးလေးတတ်ပါ...။ ။
(ဆရာတော် အရှင်ဇနကာဘိ၀ံသ၏ သင်္ဂြ ိုဟ်ဘာသာဋီကာ ကျမ်းစာမှ)


No comments:
Post a Comment