ချမ်း မြေ့ ပါ စေ...

Tuesday, 22 June 2010

တူးမြောင်း ဦးပုည၏ လွမ်းချင်း...


ဒေါင်းမင်းရဲ့ နေရှိန် နေရှိန်
ညနေချိန်ကျပါပေါ့
ြမတ်စိန္တေ  ဘုရားကိုလ ဆုတောင်းခါခါ။

မိဘ နှစ်ဖြာ နှစ်ဖြာ
မာပါစေ ကြောင်းကိုလေး
မိခင်ရယ် သားမောင်ကသာ။

ကျေးဇူးရှင် နှစ်ပါးကိုတော့
တစ်ဖဝါးမှ မခွါချင်တယ်
အနားမှာ နေချင်ပေမယ့် မနေအား
ထေရ်သားလှ ရတနာတစ်ပါးကိုတော့ ခွဲရရှာ။

ပညာ တွက်တာ တွက်တာ
အထက်အညာ မန်းကိုလေး
မိခင်ရယ် မြန်းကြွရရှာ။

သြော်..
မျှော် မျှော်ယောင်တမ်းပါလို့
မှန်းရှာသလေ။

မန်းနဂရဗွေမှာတော့
ဌာနေကို လွမ်း
စာပလွေ ထမ်းပါလို့ မျှော်မိပေ
သားလှ မထေရ် မထေရ်
ရွှေမျက်ရည် စီးတယ်လေး
မိခင်ရယ် ညဉ်းငိုမိပေ။

အဘ ဦးဟန်တင် ထံမှ နှုတ်တိုက် ကူးယူခဲ့သော ကဗျာဖြစ်ပါသည်၊ ၁၃၆၉-ခု တပေါင်း လဆန်း ၁၀-ရက်နေ့က ဖြစ်ပါသည်၊ တူးမြောင်း ဦးပုညဆိုသည်မှာ အဘနှင့် ညီအစ်ကို ၀မ်းကွဲ တော်သူ ပင် ဖြစ်ပါသည်၊ အဘဆိုပြတုန်းက သံနေသံထားနှင့် ဆိုပြသဖြင့် နားထောင်ရတာ အလွန်ပင် ကောင်းပြီး ကြိုက်နှစ်သက်မိခဲ့ပါသည်။.....။

Thursday, 3 June 2010

အချိန် နဲ့ လူသား




ကျေးဇူးရှင် အင်းစိန်ရွာမ ဆရာတော်ဘုရားက မိန် ့တော်မူဖူးပါတယ်၊
အချိန်နဲ့ ပတ်သက်လို ့ ပါပဲ၊
အားလုံးသော သူငယ်ချင်းများကို ဗဟုသုတ မျှဝေပေးချင်လို့ပါ၊
““အချိန်တွေ ပိုနေတယ်ဆိုတဲ့
လူသားဟာ ဘဝမှာ အောင်မြင်သူ တိုးတက်သူ မဖြစ်နိုင်ဘူး။
အချိန်တွေ မလုံလောက်ဘူးဆိုတဲ့
လူသားသာ ဘဝမှာ အောင်မြင်သူ တိုးတက်သူ ဖြစ်နိုင်တယ်”” တဲ့။

ဇွဲ


ငေးငေးနဲ့ ငိုင်ငိုင်၊
မှိုင်ရုံနဲ့ မပြီး။
ရည်မှန်းရာ တကယ်ရောက်ဖို့၊
ဖြတ်သန်းကာ တကယ်လျှောက်မှ၊
ရောက်လိမ့် ခရီး။

(ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ ကဗျာလေးပါ၊ ဘယ်သူရေးတာလဲတော့ မမှတ်မိတော့ပါ။)

စိတ်ထားပြုပြင် ပြောင်းပါ့မည်...


၁။ တန်းတူတွေ့ရင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်သည်။
ပြိုင်မည့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၂။ နိမ့်သူတွေ့ရင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်သည်။
နိုင်မည့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၃။ မြင့်သူတွေ့ရင်၊ မုဒိတာဝင်၊ မဝင်နိုင်က၊ ယိုင်တတ်သည်။
ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။
(မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီး)

ကဲ ဘယ်လိုလဲ...?


မေတ္တာ သူ့တွက်၊ ရည်ရွယ်လျက်၊ ကိုယ့်တွက် အကျိုးထင်။
 လောဘ ကိုယ့်တွက်၊ ရည်ရွယ်လျက်၊ သူ့တွက် အကျိုးထင်။
  သူ့ကို ချစ်ခင်၊ သူ့ကြွေးတင်၊ သူပင် ကြွေးရှင်၊ ကိုယ် သူ့ကျွန်။
(အင်းစိန် အဘိဓမ္မာ ဆရာတော်ဘုရားကြီး)

မေတ္တာဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့.......။

ဒီလိုဆို မဟုတ်သေးဘူးနော်...


၁။ ရုပ်ရှင်ရုံသွား၊ မဲမဲမှောင်မှောင်။
သူ့ထက် ငါသွား၊ ရှေ့ နားရောက်အောင်။
မိုးသာလင်း၊ အလျင်း မငိုက်ပေါင်။

၂။ ဥပုသ်စောင့်သွား၊ နောက်နားက မျှော်။
ချောင်ခြိုချောင်ကြား၊ အိပ်ငိုက်လို့ ပျော်။
တရားပြီး၊ တုံးလုံး စက်တော်ခေါ်။

(ဘယ်သူ ရေးထားခဲ့သည်ကိုတော့ အတိအကျ မသိပါ၊ မှတ်မိသလောက် တင်ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်၊)

၅-မိနစ်လောက်ပဲ


ကြင်နာခြင်း
မြတ်နိုးခြင်း- စသော
မေတ္တာနဲ့ထွေးယှက်ထားတဲ့ အပြုအမူ ဆိုတာကို အားလုံး နားလည်ကြပါတယ်၊
လိုလိုလားလားလည်း ရှိကြပါတယ်။
ဒါပေမယ့် ခက်တာက
တစ်ကိုယ်ကောင်းဆန်ချင်ကြတာ များတယ်လေ။
ဟုတ်တယ်လေ-
““လူတော်တော်များများက
ကိုယ်ကသာ အကြင်နာခံချင်တယ်၊ အယုယခံချင်တယ်၊
သူပေးတဲ့ မေတ္တာနဲ့ပတ်သက်တဲ့ အရာမှန်သမျှ
အားလုံးကို ကိုယ်ပိုင်ဆိုင်ချင်တယ်။
ဒါပေမယ့်
ကိုယ်ကကျတော့ အဲဒီလို တုန့်ပြန်မပေးချင်ဘူး၊
သိသိသာသာ မဖော်ညွှန်းချင်ဘူး၊
သူများအပေါ်မှာ ကြင်နာမပြချင် မေတ္တာအမူအရာတွေ မပြချင်ဘူး””။ ။
အဲလိုဆိုရင် ငါးမိနစ်လောက်ပဲ အချိန်ပေးပါ၊
ငါ သူ့နေရာမှာ ဆိုရင် ဘယ်လိုနေမလဲ...........
ဆိုတာကို တွေးကြည့်လိုက်ပါ သူငယ်ချင်း
ကိုယ်ချင်းစာပါ သူငယ်ချင်းရာ.................။

(တစ်စုံတစ်ရာ အဆင်မပြေတာရှိလျှင် ပြင်ဆင်ပြီး ဖတ်ကြပါလို့.......)

စွန့်မှ စွံမည်...


အားလုံးပဲ မင်္ဂလာရှိတဲ့ နေ့လေး ဖြစ်ပါစေနော်။
ဒီနေ့ လက်ဆောင်ပါးချင်တာကတော့““စွန့်မှ စွံမည်““ ဆိုတဲ့ စကားလုံးလေးပါပဲ၊.....

မည်သူမဆို လောကမှာ စွံချင် အောင်မြင်ချင် တိုးတက်ချင်တယ်ဆိုရင်
၁။ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရဲရမယ်။
၂။ စွန့်စားသင့်တာကို စွန့်စားရဲရမယ်။

အောင်မြင်သူ တိုးတက်သူတွေဟာ ဒီ 2-ချက်ကို လက်ကိုင်ပြုခဲ့ကြတာကို လက်လှမ်းမီသလောက် လေ့လာကြည့် နိုင်ပါတယ်။
ပြီးတော့ အဲဒီလို သူတွေကိုသာ လောကကြီးက ထာဝရ သတိရနေမှာ ဖြစ်ပါတယ်။

သူတို့တွေကို ကြည့်တဲ့အခါ လေ့လာတဲ့အခါလည်း လက်ရှိအနေအထားကို မက်မောအားကျစိတ်ဖြစ်နေတာ ထက် `သူတို့ အရင်က ဘယ်လို ကြိုးစားခဲ့သလဲ စွန့်လွှတ်ခဲ့သလဲ စွန့်စားခဲ့သလဲ´-ဆိုတာကိုပါ မြင်အောင် ကြည့်တတ်ဖို့ လိုမယ်ထင်ပါတယ်။

ပြီးတော့ အဲဒီတိုင်း လက်တွေ့ လိုက်နာကျင့်သုံးကြမယ်ဆိုရင် သူရော ကိုယ်ရော ဘဝမှာ အတိုင်းအတာ တစ်ခု အထိတော့ စွံသူ အောင်မြင်သူ တိုးတက်သူတွေ ဖြစ်လာကြမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်...သူငယ်ချင်းတို့ရေ။ ။
အားလုံးသော သူငယ်ချင်းများ စွန့်၍ စွံသော သူ၊ အောင်မြင်သူ၊ တိုးတက်သူများ ဖြစ်နိုင်ကြပါစေ လို့ ...။ ။

စပ်မိစပ်ရာများ (၂)


၁။ စိတ်ကောင်း ထားပါ၊
အားမနာပါနှင့်။

၂။ မိတ်ကောင်း ထားပါ။
လူတိုင်းကို မယုံပါနှင့်။

၃။ အိတ်ဖောင်းဖို့ ကြိုးစားပါ။
မာနတော့ မကြီးပါနှင့်။

၄။ မမက်ပါနှင့်။
မက်ရင် မောမယ်။

ယောင်နှင့် အြခား စပ်မိစပ်ရာများ


၁။ ယောင်ပေပေ တောင်ခြေရင်းမှာလ
မိန်းမောနေဆဲ။
ယောင် မစွန့်ရင်လ
တောင်ညွှန့်ကို ဘယ်လိုရောက်ပါ့မယ်
အောက်ကျစမြဲ။

၂။ စွန့်မှ စွံမည်၊ မစွန့်က မစွံပြီ။

၃။ သိမှ
သိ, မသိ ကို သိသည်။
မသိက
သိ, မသိကို မသိ။


ေဆးယဥ်သူ


ဒီနေ့တော့ အားလုံးကို မိတ်ဆက်ပေးချင်တာကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား `ဆေးယဉ်သူ` ဆိုတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒါကတော့ အကြံပြုအနေနဲ့ ရေးတာပါနော။

ဘာမှ မပြောသေးခင် စကားလုံးလေးများရဲ့ အဓိပ္ပါယ်ကို ရှင်းပြချင်ပါတယ်။
ဆေး- အနာရောဂါတို့ကို ပျောက်ကင်းစေရန် သက်ရှိသက်မဲ့ ပစ္စည်းတို့ဖြင့် ဖော်စပ်ထားသည့် အရာ။
ယဉ်- 
၁။ နူးညံ့သိမ်မွေ့ နှစ်သက်ဖွယ်ဖြစ်စေသော။
၂။ အာနိသင် လျော့ပြယ်သော အကျိုးသက်ရောက်မှု လျော့ပါးသော။
ဆေးယဉ်- ဆေးတမျိုးမျိုးကို မှီဝဲလွန်းသဖြင့် ဆေးအကျိုး မပြနိုင်ဖြစ်သည်။
ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုထားပါတယ်၊ ဒါကတော့ ဒီနေရာမှာ အသုံးဝင်မည့် အဓိပ္ပါယ်များပင် ဖြစ်ပါသည်၊ အခြားလည်း ရှိပါသေးသည်။

လောကမှာ ရောဂါဝေဒနာတစ်ခုခု ရလာပြီဆိုရင် သက်ဆိုင်ရာ ဆေးတမျိုးမျိုးကို မှီဝဲသုံးဆောင်ရပါတယ်၊ အဲဒါမှ
ရောဂါပျောက်ကင်း သက်သာပြီး လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အဲဒီလိုနဲ့ မှီဝဲသုံးဆောင်မှု ပမာဏလွန်ကဲသဖြင့် ဆေးယဉ်ခြင်းများ တစ်ခါတရံ ဖြစ်တတ်ပါတယ်။
အဲဒီအခါ တခြား ဆေးကို ပြောင်းသုံးဆောင်ရတာမျိုးတွေ တွေ့ရတတ်ပါတယ်။
ထားပါတော့ ဒါက တစ်ကဏ္ဍပါ။

ယခု ပြောချင်တာကတော့-
`မည်သည့်နေ့ မည်သည့်အချိန်မှာ ----ဆရာတော်က တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူမည်` စသည်ဖြင့် နေရာတော်တော်များများမှာ ကြားသိနေရပါတယ်။ ထို့ကြောင့်လည်း မိမိမြန်မာနိုင်ငံသားများသည် တခြားသူများနှင့်မတူ တစ်မူထူးခြားစွာ ယဉ်ကျေးနေခြင်းဖြစ်မည်ဟု စာရေးသူ ယုံကြည်မိပါတယ်။
သို့ပေမယ့် စာရေးသူကတော့ လောကမှာ မည်သည့်အရာကမျှ စင်းလုံးချော မရှိနိုင်ဆိုပေမယ့် အလှပေါ် အယဉ် ဆင့်၊ ရွှေပေါ် မြ တင် ဆိုတာလို ချောနိုင်သမျှ ချော ယဉ်နိုင်သမျှ ယဉ်စေချင်တာကတော့ ရင်တွင်းဖြစ် ဆန္ဒ တစ်ခုပါ။ စကားချပ်- (ကိုရီးယား မင်းသားမင်းသမီးများ ချောသလိုမျိုးကိုတော့ ဆိုလိုသည်မဟုတ်ပါ၊ ဘာပဲ ပြောပြော တို့ဆီမှာ ရင်တွင်းဖြစ် အလှစစ်များကတော့ ရှိနေကြပါတယ်)
ဒီနေရာမှာ ဟောကြားသူများဘက်က သတိပြုသင့်သည်များ ရှိသလို နာကြားမှတ်သားသူများဘက်က သတိပြု သင့်သည်များလည်း ရှိပါတယ်။

မိမိတို့ ယုံကြည်ကိုးကွယ်သော မြတ်စွာဘုရားသည် တရားဟောရာတွင်
၁။ ရာဂ နည်းသွားဖို့၊ (သို့) ကင်းစင်သွားဖို့။
၂။ ဒေါသ နည်းသွားဖို့၊ (သို့) ကင်စင်သွားဖို့။
၃။ မောဟ နည်းသွားဖို့၊ (သို့) ကင်းစင်သွားဖို့။
ဆိုတဲ့ ရည်ရွယ်ချက်များကို ယူမည့်သူအနေအထားပေါ်မူတည်ပြီး ထားတော်မူပါတယ်။
ထို့ပြင် အများသိ သောက ပရိဒေဝ ဒုက္ခ စတဲ့ မီးတွေ ငြိမ်းအောင်လည်း ဟောတော်မူပါတယ်။

ဥပမာ
အဇာတသတ်မင်းကြီးသည် အဖသတ်မိသောကြောင့် စိတ်ဆင်းရဲပြီး မအိပ်နိုင် မစားနိုင်ဖြစ်နေမှုများ ခံစားနေရ တယ်၊ ထိုသို့ဖြစ်နေမှုများကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခြင်းဖြင့် သက်သာရာရစေခဲ့ ပါတယ်။

ထို့ပြင် အချောအလှ မိဖုရားရတနာ မလ္လိကာဒေဝီ နတ်ရွာစံသဖြင့် ကောသလမင်းကြီးခံစားနေရသော ဝေဒနာ များကိုလည်း သက်သာရာရစေခဲ့ပါတယ်။
ဤသို့ဖြင့် မြတ်စွာဘုရား တရားတော်များဟောတော်မူခြင်းသည် ရာဂ ဒေါသ မောဟ-စသော မီးများ နည်း သွားဖို့ ကင်းစင်ပပျောက်သွားဖို့ ဖြစ်ပါတယ်။
သို့အတွက်ကြောင့် တရားဟောသည့်အခါ တရားနာပရိသတ်များ ရာဂစသည် နည်းသွား ကင်းစင်သွားဖို့ကိုသာ
အလေးပေး အထူးဂရုပြု သင့်ပါသည်၊ တဏှာရာဂ ဒေါသ မာန်မာနများ တိုးပွားမှုကို ဖြစ်စေသော အနေ အထားကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည်သာ ဖြစ်ပါတယ်၊ မှန်ပါသည် ဓမ္မဆိုတာ မကောင်းသော အနေ အထားများ အားနည်းသွားအောင် နည်းပေးလမ်းပြပေးသော သဘာဝ တရားသဘောများ ဖြစ်ပါတယ်။
ယခုအခါ အချို့သော အဓမ္မဝါဒီ ဓမ္မကထိက ရဟန်းဆိုးများကြောင့် မြတ်ဘုရားတရားတော်များ ဆေးအာနိသင် ပြယ်သယောင် ဖြစ်နေသည်ကို တွေ့နေရပါသည်။

၂။ နာကြားမှတ်သားသူများ ဘက်ကလည်း အားလုံးက အဆိုးဘက်ကသာ အသိများကြတဲ့ အဇာတသတ် မင်းကြီးရဲ့ ကောင်းသော ထုံးကို နှလုံးမူသင့်ပါတယ်။
ပထမသင်္ဂါယနာတင် ဒါယကာ အဇာတသတ်မင်းကြီးဟာ တန်ဆောင်မုန်းလပြည့်ညမှာ လပြည့်ညကို အမွှန်း တင် ပြောဆိုရင်း တရားဟောပြနိုင်တဲ့ သမဏ ဗြာဟ္မဏအမည်ခံသူတွေဆီကို သွားရောက်တရားနာဖို့ အကြံဖြစ်ခဲ့ပါတယ်။
ကြည်နူးစရာတွေ ပြောရင်း အကြံဖြစ်ပုံလေးကတော့ သူရော ကိုယ်ပါ အတုယူလိုက်နာသင့်ပါတယ်-
`သြော် ဒီ တန်ဆောင်မုန်းလပြည့်နေ့ ညဟာကွယ်
ပျော်ရွှင်ကြည်နူးဖွယ် ကောင်းပါဘိ၊ စိတ်ချမ်းသာဖွယ် ကောင်းပါဘိ၊ မှတ်သားထားဖွယ် ကောင်းပါဘိ၊
အင်း ဒီနေ့လိုညမျိုးမှာ ဘယ် သမဏ ဗြာဟ္မဏတွေဆီ ချဉ်းကပ်တရားနာယူရရင် ငါ့ရဲ့ ပူဆွေးလောင်ကျွမ်းနေတဲ့
စိတ်တွေ ကြည်လင်အေးချမ်းမှု ရရှိနိုင်မလဲ` လို့ အကြံဖြစ်ခဲ့ပါတယ်။
အဲဒီလိုအကြံဖြစ်ပြီး အမတ်တွေ ပြောပြတဲ့ မိစ ္ဆာဒိဋ္ဌိဆရာကြီးတွေ ဆီကို သွားရောက်တရားနာခဲ့ပေမယ့် သူ လိုချင်တဲ့ စိတ်ချမ်းသာမှုကို မရခဲ့ပါဘူး၊ နောက်ဆုံး သမားတော် ဇီဝက ပြောပြလို့ မြတ်စွာဘုရားရှင်ထံ ရောက်ပြီး တရားနာလိုက်တဲ့အခါမှာ သူ့ရဲ စိတ်တွေ ပူဆွေးမှုများကင်းပြီး အေးချမ်းမှုကို ရရှိခဲ့ပါတယ်။
ကဲ အဲဒီတော့ ကိုယ်ရော သူရော တရားနာတော့မယ်ဆိုရင် ကိုယ်ရဲ့ ပူလောင်နေတဲ့ စိတ်အတွက် သောက စသည် ကင်းဝေးပြီး အေးချမ်းမှုကို တကယ် ပေးနိုင်တဲ့ တရားဟော ဓမ္မကထိကထံ ချဉ်းကပ်မိဖို့ အလွန်တရာမှပဲ အရေးကြီးလှပါတယ်။ မဟုတ်ရင်တော့ ရှိတဲ့ ဝေဒနာ ပိုတိုးလာစရာသာ ရှိပါတော့တယ်။

ပြီးတော့လည်း စာရေးသူတို့နိုင်ငံမှာ တရားရေအေး အမြိုက်ဆေးတွေ အဆက်မပြတ် တိုက်ကျွေးနေသံတွေ ကြေငြာ ဆိုင်းဘုတ်တွေ ကို နေရာတိုင်းမှာ တွေ့မြင်နေရပါတယ်၊ သို့သော်လည်း ကြားသိနေရတာက နေရာတိုင်းမှာ ဘုရားခိုးမှု ဘုရားဌာပနာတိုက်ဖောက်ထွင်းမှု အလှူခံပုံးဖောက်မှု လိမ်ညာအလှူခံမှုတွေ ဖြစ်နေ သည် စသဖြင့် အမနာပ မကြားဝံ့ မမြင်သာသည့် သတင်းစကားများကို ကြားသိနေရသဖြင့် စာရေးသူ စဉ်းစားမိပါသည်။
အဲဒါကတော့ အခြားမဟုတ်-
---သြော် သူတို့တွေ တရားသံတွေ ကြားရဖန်များလို့ ဆေးများ ယဉ်ပြီး ဆေးယဉ်သူများ ဖြစ်သွား လေရော့လား-
နောက်ပြီး ဒါတွေ ငါ ကြားဖူးသားတွေပါ၊ ဘာမှ မထူးပါဘူးကွာ-လို့များ သူတို့ အထင် ရောက်နေရော့သလား၊ ဟိုက် ဆေးယဉ်သွားပြီ ဆေးမတိုးတော့ဘူးဆိုရင် သွားပြီ ဒုက္ခပါပဲ၊
အားလုံးလဲ သိမှာပါ ဆေးမတိုးတော့ဘူးဆိုရင် သွားပြီ သေပြီ အခြေအနေမကောင်းဖို့ရာ ရာခိုင်နှုန်းများ နေပြီလေ...။

နောက်ပြီး စာရေးသူ ရင်ထဲမှာ ဆန္ဒတစ်ခု ဖြစ်နေပါတယ်၊ ဆုလည်း တောင်းနေမိပါတယ်-
-တရားဟော ဆရာတော် ဓမ္မကထိကမြတ်များဟောကြားသည့် တရားစစ် တရားမှန်များလည်း အာနိသင်ထက် သော တရားဆေးစွမ်းကောင်းများသာ ထာဝရ ဖြစ်ကြပါစေ...
-သူတို့လေးတွေလည်း တရားသံတွေ ကြားရဖန်များလို့ ဆေးယဉ်သူများ ဆေးမတိုးသူများ လုံးဝ လုံးဝ မဖြစ်ကြ ပါစေ...
-တရားသံတွေ ကြားရဖန်များလို့ တရားရေအေး အမြိုက်ဆေးကြောင့် ယဉ်ကျေးလိမ္မာသူများဆိုတဲ့ ဆေးယဉ်သူ များသာ ဖြစ်ကြပါစေ...လို့။ ။ ။
မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်။

လုိအပ်ချက်လေး


ကိုယ့်အပေါ်
သူ မကောင်းတာ
အလိုက်မသိတာ
ဂရုမစိုက်တာလေးများ
ကြုံလာတဲ့အခါ
`သြော်...
သူ ကောင်းပေးလောက်အောင်
ကိုယ်က မကောင်းသေးလို့ပါပဲ`..လို့
တို့ကတော့
ဖြေသိမ့်လိုက်တယ်။
အဲဒါမှ
သူ့ကိုလည်း
အပြစ်မမြင်၊
ကိုယ့်ကိုယ်ကိုလည်း
လိုအပ်ချက်ရှိနေတဲ့
ငါပါလားလို့
သတိထားမိလာတယ်လေ၊
ပြင်ဆင်ခွင့် ဖြည့်စွက်ခွင့် ဖြည့်ဆည်းခွင့်များလည်း ရရှိလာမယ်လေ။
ဟုတ်တယ်လေ
လူဆိုတာ
ကိုယ့်လိုအပ်ချက်ကိုတော့
မြင်ဖို့ အခက်သားပဲမို့လားနော်။ ။ ။
ဆရာသမား မိန့်ကြားဖူးသော
`မိမိလိုအပ်ချက်ကို သိသူသာ
ပြည့်ဝသူ ဖြစ်နိုင်သည်`
ဆိုသော စကားလေးတစ်ခွန်းကိုလည်း
သတိရမိပါတယ်။ ။ ။
ကဲ ဒါဆို
မိတ်ဆွေတို့ကရော.
ဘယ်လို လက်ခံပါသလဲ......?

ခက်တင် မောင်းနင်း စကားပြောနည်း (၁၀)


သူ့စကားကို ဟုတ်သည်ဟုလည်း မဆို၊ မဟုတ်ဘူးလို့လဲ မဆိုဘဲ မတင်မကျ ပြောဆိုခြင်းမျိုးကို ““ခက်တင် မောင်းနင်း ပြောနည်း”” ဟု ခေါ်ကြပါသည်။
ဤပြောနည်းကို ပမာပြရလျှင်-
တစ်ခါက မှူးမတ်ဗိုလ်ပါတစ်စုဟာ ယုတ်မာ ဆိုးညစ်လှသော သူခိုးစစ် သူခိုးမှန်တစ်ယောက်ကို သတ်ပစ်ဖို့ ဖမ်းလာခဲ့ပါသည်။
အဲဒီအခါ သူခိုးဖြစ်သူက ပရိယာယ်ဖြင့် ဖမ်းသူများ ဇဝေဇဝါ ဖြစ်စေရန် “ကျနော် သူခိုးအစစ် မဟုတ်ပါ၊ သူခိုး အစစ်မှာ သူရှေ့ နားမှာ ထွက်ပြေးသွားပါပြီ၊ ကျနော်က တောင်ဖီလာဆရာတော်ထံ ပညာသင်နေသော တောင် ဖီလာ ဆရာတော့်တူအရင်းဖြစ်ပါသည်” ဟု ပြောလိုက်လေသည်။
ထိုအခါ အမတ်ဗိုလ်ပါတို့လည်း ဇဝေဇဝါဖြစ်ပြီး သူ့ကို ခေါ်ကာ ဆရာတော့်ထံ သွားရောက်ကာ တူ ဟုတ် မဟုတ် မေးမြန်းလျှောက်ထားလေတော့သည်။
ဆရာတော် စဉ်းစားသည်မှာ-
“ငါ့တူ ဟုတ်သည်ဟု ပြောလိုက်ရင် ငါ မုသားမလွတ်ဘူးဖြစ်နေသည်၊ ဒါပေမယ့် မဟုတ်ဘူးလို့ ပြောရင်လည်း သူ အသတ်ခံရတော့မယ်”” လို့ စဉ်းစာမိလိုက်သည်။
သို့အတွက်ကြောင့် ဆရာတော်ပြောလိုက်သည်က ““ဒီလူငယ် ငါ့တူ မဟုတ်ဘူးလို့ ဘယ်သူ ပြောသလဲ””လို့ပဲ ပြောပြီး ကိုယ့်လုပ်ငန်းကိုယ် လုပ်နေလိုက်ပါတော့သည်။
မှူးမတ်ဗိုလ်ပါများလည်း ဆရာတော့်မိန့်သည့် မတင်မကျစကားကို ထပ်မမေးမြန်းတော့ဘဲ တူအရင်းဟု ထင်မှတ် ကာ ဖမ်းလာသည့်လူငယ်ကို လွှတ်ပေးလိုက်ပါတော့သည်။
ဤသို့ မတင်မကျ ပြောသော အသွင်ကို ““ခက်တင် မောင်းနင်း စကားပြောနည်း””ဟု မြန်မာတို့ ဆိုစမှတ် ပြုခဲ့ကြပါသည်.....။
မြန်မာ့ စကားကြီး ၁၀-မျိုး အပြီးသတ်ပါပြီ။
လှပပြီး မွှေးကြိုင်လန်းဆန်းသော ပန်းများအားလုံး နာမည်ကိုယ်စီဖြင့် တင့်တယ်နိုင်ကြပါစေ.......။

ရေစစ်ပမာ ပြောနည်း (၉)


ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သလို တစ်ဖက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းမျိုးကို ““ရေစစ်ပမာ စကားပြောနည်း”” ဟု ခေါ်ကြပါသည်။
(ဒီနေရာမှာ ရေစစ်ဆိုတာ သံဃာတော်များ တစ်ပါးသုံး ရေစစ်မျိုးကို ဆိုလိုပါသည်၊ ဒီရေစစ်ဟာ အများအားဖြင့် လက်ကိုင် မတ်ခွက်ခန့် ရှိပြီး အောက်ပိုင်း အဝကျယ်ပါသည်၊ အထက်ပိုင်းမှာ အရင်တုန်းက သုံးသော မြန်မာငွေ မတ်စေ့ခန့် အကျယ်ရှိပြီး လက်သန်းလက်သည်းခန့် အဝကျယ်သော အပေါက်ဖော်ထားပါသည်။
ထိုရေစစ်ကို ရေစစ်လိုသော အခါ ထိပ်ပိုင်းအပေါက်ကို မပိတ်ဘဲ လုံးဝလည်း မြုပ်မသွားအောင် ရေတွင်နှစ်ပြီး ပြန်ဆယ်သော အခါ အပေါက်ကို ပိတ်ပြီး ရေစစ်ရပါသည်)
ဤပြောနည်းကို ဥပမာပြရလျှင်-
တစ်ခါက လူငယ် လေးယောက်နှင့် အဘိုးအိုတစ်ယောက်တို့ ယုံတမ်းစကားပြောတမ်း ကတိသစ္စာပြုကြပါသည်။
တစ်ဖက်က ပြောဆိုသည့်စကားကို တစ်ဖက်က မယုံဟု ဆိုလျှင် မယုံသည့်ဘက်မှ အရှုံးဖြစ်ပါသည်။
ထို့နောက် လူငယ်များစကားဟာ ခပ်ပေါ့ပေါ့စကားမျိုးသာ ပြောကြားမေးမြန်းနိုင်သဖြင့် ယုံပါသည်ဆိုသော်လည်း အ န္တရာယ် မရှိပါ၊ ခပ်ပေါ့ပေါ့ အသွင်လောက်သာ ဖြစ်ပါသည်။
သို့သော် အဘိုးအိုကို မေးဖို့အလှည့်ရောက်သည့်အခါ အဘိုးက လူငယ်များကို ပြောကြားသည်မှာ ““သင်တို့ သည် ငါ့အိမ်တွင် မွေးခဲ့သော ငွေဝယ်ကျွန်များမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် သင်တို့အားလုံး ငါ့အတွက် ကျွန်အဆစ်ကလေးများသာ ဖြစ်သည်””ဟု ပြောပြီး ယုံ မယုံ မေးသောအခါ လူငယ်များအတွက် မယုံဟု ပြန်ပြော လျှင်လည်း ကတိစကားအရ အရှုံးဖြစ်လိမ့်မည်၊ ယုံသည်ဟု ပြောလျှင်လည်း အလိုအလျောက် ကျွန်ဖြစ်တော့ မည်။
ထိုကဲ့သို့ တစ်ဖက်လူ ရှောင်လွှဲ မရနိုင်စေရန် ပိတ်မိအောင် ပြောဆိုခြင်းမျိုးကို ““ရေစစ်ပမာ စကားပြော နည်း””ဟု ခေါ်ကြပါသည်။

နောက်တစ်ခု တကယ့်အဖြစ်အပျက် ပမာပြရလျှင်-
တစ်ခါက ပုသိမ်မှ ဟင်္သာတအသွား ရထားပေါ်တွင် လူငယ်အရာရှိတစ်ယောက်နှင့် အဘိုးအိုတစ်ယောက်တို့ တွေ့ဆုံရာ လူငယ်က ခပ်ကြွားကြွားဖြင့် စကားများများ ပြောတတ်သည်ကို အဘိုးက ပညာပေးလိုသဖြင့် လူငယ်ကို “မင်းနဲ့ ငါ အပြန်အလှန် မေးမြန်းစကား ပြောမည်၊ မေးတာကို မဖြေနိုင်သူက လျော်ကြေးပေးစတမ်း”” ဟု ကတိပြုခဲ့သည်။
သို့ရာတွင် အဘိုးက လူငယ်ကို “မင်းက လူငယ်ဖြစ်ပြီး သွက်လက်ချက်ချာ ဗဟုသုတများသဖြင့် မင်းရှုံးလျှင် ၁၀-ပေးရမည်၊ ငါက လူအိုဆိုတော့ အိုမင်းရင့်ရော် မေ့တတ်နေပြီဖြစ်လို့ ငါ ရှုံးလျှင် ၅-ကျပ်သာ ပေးမည်”” ဟု
နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြပါသည်။
လူကြီး စတင်မေးသည့်အခါ လူငယ် မဖြေနိုင်သဖြင့် ၁၀-ပေးလိုက်ရပြီး လူငယ်မေးသည့်အခါ မဖြေနိုင်သဖြင့် အဘိုးအိုက ၅-ကျပ်ပေးလိုက်ရလေသည်။
ထိုသို့ မေးဖြေ သုံးကြိမ်မျှ အပြန်အလှန်လုပ်ပြီးသည့်အခါ လူငယ်မှာ ၁၅-ကျပ် ရှုံးပြီး အဘိုးကြီး၏ ပညာသား ပါသော အလောင်းအစားကို ရိပ်မိသွားပါသည်။
ဤကဲ့သို့ ပြောနည်းသည်လည်း ““ရေစစ်ပမာ ပြောနည်း”” ပင်ဖြစ်ပါတော့သည်။

ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း (၈)


တိုက်ကြက်တို့သဘောသည် ခွပ်မည်ပြုသော အခါ နောက်သို့ ဆုတ်ဟန်ပြု၍ တကယ် ခွပ်သော အခါမှသာ အားမာန်အပြည့်ဖြင့် စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း တစ်ဖက်လူ၏ အလိုကို လိုက်တန်သရွေ့ လိုက်ပြီး
ပြောဆိုလျှင် မိမိဘက်က အသာစီးရသည့်အခါမှသာ အထက်စီးဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောဆိုသော စကားမျိုးကို
““ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း””ဟု ခေါ်ကြပါသည်။
ဤနည်းကို ဥပမာပြရလျှင်
တစ်ခါက အိမ်နီးချင်းနိုင်ငံမှ တိုင်းတစ်ပါးသား သံအမတ်နှင့် အင်းဝနေပြည်တော်ရှိ ပညာရှိအမတ် ဦးပေါ်ဦးတို့
စကားစစ်ထိုး ပြောဆိုခဲ့ကြပြီးနောက် နှစ်နိုင်ငံပြည်ရွာတို့ သာယာဝပြောကြောင်း၊ မြန်မာပြည်တွင် ၁၂-လ ရာသီအလိုက် ပွဲတော်များကျင်းပကာ စည်ကားသိုက်မြိုက်လျက် ရှိကြောင်း အမတ်ကြီး ဦးပေါ်ဦးက မြန်မာ ပြည်၏ ဖွံ့ ဖြိုးတိုးတက်သာယာပုံကို ချီးမွမ်းခန်းဖွင့် ပြောဆိုခဲ့ပါသည်။

ယင်းသို့ ဦးပေါ်ဦးပြောစကားကို သံအမတ်က ပြန်လည်ပြောကြားသည်မှာ-
““မြန်မာပြည်၌ ပွဲလမ်းသဘင်သာ စည်ကားသည်မဟုတ်ပါ၊ ကျနော်တို့ သံအဖွဲ့အင်းဝနေပြည်တော်သို့ လမ်း လျှောက်လာရာ၌ လူကြီး လူငယ် မရွေး တအံ့တသြ ရင်သပ်ရှုမော ကောင်းချီးသြဘာပေး ကြည်ရှုကြပါသည်””- ၀င့်ကြွားစွာ ပြောလိုက်လေသည်။
ထို သံအမတ်၏ ၀င့်ဝါသော ထိုးနှက်ချက်ကို ဦးပေါ်ဦးက တန်ပြန်ချေဖျက်ပြောဆိုပုံကတော့-
““ကျနော်တို့ အင်းဝနေပြည်တော်တွင် ဘုရင့်စွယ်စုံဆင်ကို ကကြိုးတန်ဆာများဆင်ပြီး တစ်နေ့သုံးကြိမ် ရေချရေချိုး ဆင်းသော်လည်း မည်သူမျှ လာရောက်မကြည့်ခဲ့ပါ၊
သို့သော် တစ်ခါတော့ သစ်ဆွဲဆင် တောရိုင်းဆင် တစ်ကောင် မြို့ပေါ်ရောက်လာသည့်အခါ အားလုံးထွက်ပြီး အထူးအဆန်းသဖွယ် ကြည့်ကြပါသည်”” ဟု ထိုးနှက်ပြောဆိုလိုက်ပါတော့တယ်။
ိထိုအခါ သံအမတ်လည်း ဘာမျှ မပြောနိုင်တော့ဘဲ ငြိမ်သွားတော့သည်။
ဤကဲ့သို့ တစ်ဖက်သားအား လိုက်လျောသလို နောက်ဆုတ်ပြီး ပိုင်နိုင်သည့်အခါမှ ရှေ့ထွက်ထိုးနှက်ပြောဆိုခြင်း ကို ““ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း”” ဟု မြန်မာတို့ ဆိုစမှတ်ပြုခဲ့ကြပါသည်။

တောင်သူ ယာခုတ် စကားပြောနည်း (၇)


တောင်ယာလယ်သားများသည် လယ်ယာစိုက်ပျိုးရန်အတွက် တောင်ယာများ ခုတ်ထွင်ရှင်းလင်းရာတွင် ချုံနွယ် သစ်ပင်ငယ်များကို အရင်ရှင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲရှင်းလင်းသကဲ့သို့ စကားအရာတွင်လည်း ပထမ ဦးစွာ တန်ဖိုးနည်းသော စကားငယ် စကားပရိယာယ်များကိုသာ ပြောကြသည်။
နောက်ဆုံး အဆုံးအဖြတ်ပေးမည့် တန်ဖိုးကြီး စကားများဖြင့် အဆုံးသတ်ပြောဆိုခြင်းမျိုးကို ““တောင်သူ ယာခုတ် စကားပြောနည်း”ဟု စကားအရာ ပညာအနေဖြင့် ခေါ်ဝေါ်ကြပါသည်။

ထို စကားပြောနည်းကို ဥပမာပြရလျှင်-
မိတ္ထီလာပြည့်ရှင် ၀ိဒေဟရာဇ် မင်းကြီး၏သိန်းအမတ် အပါအဝင် သုခမိန်ကျော် အမတ်ကြီး ၄-ပါးနှင့် ဘုရား လောင်း ပညာရှိ သုခမိန် မဟော်သဓာအမတ်တို့ ဘုရင့်ရှေ့တော်မှာ စကားစစ်ထိုးကြရာ၌
သိန်းအမတ်ကြီးက ပြောသည်မှာ-
“ပညာနှင့် ဥစ္စာ နှစ်ခုအနက် ဥစ္စာသာ အဓိကကျ အရေးကြီးကြောင်း” ပြောသည်။
မဟော်သဓာအမတ်ကမူ ပညာသာ အမြတ်ဆုံး ဖြစ်ကြောင်း လျှောက်တင်သည်။
ထိုအခါ သိန်းအမတ်က
“မဟော်သဓာသည် ငယ်ရွယ်သူဖြစ်သဖြင့် အမှန်ကို မသိလို့ ဖြစ်ပါသည်၊ အမှန်မှာ ဥစ္စာရှိမှသာ လူအများက ခယဝပ်တွားပြီး စကားနာခံကြသည်”ဟု ထပ်လျှောက်လေသည်။
သိန်းအမတ် ပြောဆိုချက်ကို မဟော်သဓာ ပြန်လည်ချေပ လျှောက်ထားပုံမှာ-
“လူအချို့သည် ဥစ္စာပေါသော်လည်း ရောဂါဥပဒ် တစ်စုံတစ်ရာ ဖြစ်လာလျှင် ဘယ်လိုမှ မတတ်နိုင်ဘဲ ပညာရှိ ရှေ့သို့သာ အရောက်သွား ဆည်းကပ်မှီခိုကြရပါသည်” ဟု ဖြစ်လေသည်။
သိန်းအမတ်ကလည်း မဟော်သဓာ ပြောဆိုချက်ကို ချေပနိုင်ရန် ဘုရင်ကြီးကိုပင် သူ့ဘက်ပါအောင် စည်းရုံးသိမ်း သွင်း ပြောဆိုပုံမှာ-
““မှန်လှပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် ဥစ္စာရတနာပြည့်ဝကုံလုံပြီး တိုင်းပြည်သေဌ်နင်း အစိုးရ မင်း ဖြစ်နေ၍သာ လူအပေါင်း၏ ခညောင်းဝပ်တွား ရိုသေလေးစားခြင်းခံနေရပါသည်ဘုရား”- ဟု
လျှောက်တင်လေသည်၊ ထိုစကားကြားသည့်အခါ ဘုရင်ကြီးပင် ဇဝေဇဝါ ဖြစ်ခဲ့ရလေသည်။
သို့သော် ပညာရှိ မဟော်သဓာအမတ် နောက်ဆုံး လျှောက်ထားခဲ့သည့်အချက်မှာ
““ပညာရှိကြီးဖြစ်တော်မူသော မြတ်စွာဘုရားကို ဉာဏ်ပညာကြီးမြတ်၍ နတ်လူဗြဟ္မာ သတ္တဝါတို့ ကိုးကွယ်ဆည်း ကပ်နေကြပါသည်ဘုရား။
ဘုရားရှင်မှာ ကြီးမြတ်သော အလုံးစုံသိဉာဏ်မှ အခြား မည်သည့်ဥစ္စာကိုမျှ တွယ်တာစုဆောင်းထားခြင်းမရှိပါ၊
သို့ဖြစ်၍ လူနတ်ဗြဟ္မာတို့ ရွှေတောင်ကြီးအလား အားထားကိုးကွယ်ကြသည်ကို ကြည့်ခြင်းအားဖြင့် ပညာသာ အမြတ်ဆုံးဖြစ်ပါသည်”” ဟု လျှောက်ထားလိုက်လေသည်။
ထိုအခါ သိန်းအမတ်အပါအဝင် အမတ်ကြီး လေးဦးလုံး ရေငုံနှုတ်ပိတ်နေပြီး အရှုံးပေးလိုက်ကြရလေသည်။
ဤကဲ့သို့ ငယ်ရာမှ ကြီး၊ နည်းရာမှ များ စကားပရိယာယ်ကြွယ်ဝစွာ ချက်ပိုင်ပိုင် ပြောဆိုခြင်းမျိုးကို ““တောင်သူ ယာခုတ် စကားပြောနည်း”” ဟု လောကမှာ ဆိုစမှတ်ရှိခဲ့ပါသည်။ ဆက်ရန်.........

ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်း (၆)


ဆင်ဝှေ့ရန် လိုက်လာသည့်အခါ လွတ်ရာလွတ်ကြောင်း လှည့်ပတ်ရှောင်တိမ်း ပြေးတတ်ပါက အသက်ဘေးမှ ချမ်းသာရာ ရရှိသလို စကားပြောရာတွင်လည်း မိမိအသက်ဘေးအန ္တရာယ်ကျရောက်မည့် အကျဉ်းအကျပ် စကားမျိုးကို အန ္တရာယ်မှ လွတ်ကင်းအောင် စကားပရိယာယ်ဖြင့် ရှောင်လွှဲပြောဆိုတတ်ခြင်းကို ““ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်း”” ဟု ခေါ်ဆိုကြပါသည်။

ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်းကို ပမာပုံဆောင်ပြရပါလျှင်-
တစ်ခါတုန်းက ဘုန်းခေါင်ညီရင်း အိမ့်ရှေ့မင်းသည် ကြည်ညိုသဒ္ဒါလွန်ကဲသဖြင့် ကျောင်းဆောက်လှူဒါန်းရာ၌
အောက်ခြေယက်မထိ အောက်ပိုင်းများကိုပါ ရွှေချထားသည်ကို မြို့ဝန်မင်းတွေ့ရှိသောအခါ မသင့်လျော်သည့် အတွက် အောက်ပိုင်းမှ ရွှေများကို ဖျက်စေခဲ့ပါသည်။
ထိုအကြောင်းကို အိမ်ရှေ့မင်းသားတွေ့မြင်ပြီး ဒေါသအမျက် ပြင်းထန်စွာ ထွက်သဖြင့် မြို့ဝန်ကို ချက်ချင်း သတ်မည်ဟု ခေါ်စေခဲ့ရာတွင် မြို့ဝန်မင်းက အိမ်ရှေ့ စံမင်းသားကို လျှောက်ထားရာ၌-
““အရှင်မင်းသား သည်းခံခွင့်လွှတ်တော်မူပါ၊ အရှင်သည် ဘုန်းသမ ္ဘာပြည့်စုံသူဖြစ်သောကြောင့် တစ်နေ့မှာ ဧကန် ဘုရင်ဧကရာဇ်ဖြစ်မည့်သူပါဘုရား၊ ထိုအချိန်ကျမှ ကျောင်းတစ်ကျောင်းလုံးကို အောက်ခြေပါမကျန် ရွှေချ နိုင်ရန်အတွက် အခု ခဏ ချန်လှပ်ထားတော်မူပါဘုရား”” ဟု လျှောက်ထားလေသည်။
ထိုအခါ အိမ်ရှေ့ စံမင်းသားလည်း အမျက်ပြေပြီး နှစ်သက်တော်မူကာ ဆုလာဘ်တော်များပင် ပေးသနားစေ ခဲ့ပါသည်။
ဤကဲ့သို့ တစ်ဖက်သားကို အမျက်ပြေစေရန်နှင့် မိမိလည်း အန ္တရာယ်ကင်းစေရန် အတွက် စကားအရာ လိမ္မာ ပါးနပ်စွာဖြင့် လှည့်ပတ်ပြောဆိုတတ်ခြင်းကို ““ဆင်ဝှေ့ ရန်ရှောင် စကားပြောနည်း””ဟု မြန်မာတို့ ဆိုရိုးပြုခဲ့ကြ ပါသည်။ ဆက်ရန်........

ဆီပွတ် ကျည်ပွေ့ စကားပြောနည်း (၅)


ဆီကို ရအောင် ပွတ်သည့်အခါ အထပ်ထပ် အခါခါ ပွတ်ရသလို အလိုရှိသော စကားကိုလည်း ၁-ကြိမ်နှင့် မအောင်မြင်လျှင် ၂-ကြိမ်၊ ၂-ကြိမ်နှင့် မအောင်မြင်လျှင် ၃-ကြိမ် စသဖြင့် အချိန်အခါ အခြေအနေ အရိပ်အကဲကို ကြည့်ပြီး ထပ်ကာထပ်ကာ ပြောဆိုခြင်းဖြင့် လိုရာကို ပြီးမြောက်အောင်မြင်စေခြင်းသည် “ဆီပွတ် ကျည်ပွေ့ စကားပြောနည်း” မည်သည်။
ဆီပွတ်ကျည်ပွေ့ စကားပြောနည်းကို ထင်သာမြင်သာအောင် ဥပမာသာဓကပြဆိုရပါမူ-
တစ်ခါတုန်းက မဟာစေတီတည်ရာ၌ ပိန္နဲတိုင်စိုက်ထူဖို့အတွက် မန်ကျည်းနှစ်သားကို အသုံးပြုလိုသဖြင့် “မန်ကျည်းနှစ်သား မာ၏လော” ဟု ဘုရင်က မေးသည့်အခါ ပညာရှိအမတ်က လျှောက်ထားသည်မှာ-
“မှန်ပါ၊ မန်ကျည်းနှစ်သားလည်း မာပါ၏၊ ကျွန်းသားလည်း မာပါ၏” ဟု လျှောက်လေသည်။
နောက်တစ်ခါ ဘုရင်က “ရှားနှစ်သား မာ၏လော” ဟု မေးသောအခါ “မှန်ပါ၊ ရှားနှစ်သားလည်း မာပါ၏၊ ကျွန်း သားလည်း မာပါ၏” ဟု ထပ်မံ လျှောက်ထားလေသည်။
ထိုကဲ့သို့ ပညာရှိအမတ်မှ ဘုရင်ပြောကြားသည့်စကားကို မပယ်ရှားဘဲ တကယ် မာသည့် အသုံးပြုမည့် ကျွန်း သားကို မန်ကျည်းနှစ်သား ရှားသား များလို မာကြောင်း ထပ်တလဲလဲ လျှောက်ထားသည့်အခါ ဘုရင်ဧကရာဇ်က သူ့၏ လျှောက်ထားပုံကို ကျေနပ်ကာ ကျွန်းသားကို နှစ်သက်တော်မူပြီး ဘုရားပိန္နဲတိုင်အဖြစ် စိုက်ထူရန် သဘော တူခဲ့လေသည်။
ဤကဲ့သို့ အထက်အကြီးအကဲ၏ စကားကိုလည်း မပယ်ရှား၊ အမှန် ဖြစ်သည်ကိုလည်း အကြီးအကဲလုပ်သူ သိအောင် စကား ၂-ခုကို ပူးတွဲပြီး ထပ်တလဲလဲ ပြောဆိုခြင်းဖြင့် မိမိအကြီးအကဲများ သိရှိလက်ခံလာအောင် ပြောဆိုခြင်းမျိုးကို ““ဆီပွတ် ကျည်ပွေ့ စကားပြောနည်း”” ဟု မြန်မာတို့ ခေါ်ရိုးပြုခဲ့ကြပါသည်။

အိုးတန် ဆန်ခတ် စကားပြောနည်း (၄)


အိုးနှင့် ဆန်သည် တန်အောင်ချက်လျှင် နူးညံ့စွာ သုံးဆောင်ရသလို စကားအရာတွင်လည်း လိုရင်းရောက် အောင် မယုတ်မလွန် ပြောဆိုခြင်းကို “အိုးတန် ဆန်ခတ် စကားပြောနည်း” ဟု ဆိုပါသည်။

အိုးတန် ဆန်ခတ် စကားပြောနည်းကို သာဓက ထင်ရှားအောင် ပြဆိုရပါမူ-
တစ်ခါက ဗာရာဏသီပြည့်ရှင် ဘုရင်မင်းသည် မုဆိုးအသွင်ဖြင့် တောလည်ရာတွင် မျက်မမြင် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေသော ဘုရားအလောင်း သုဝဏ္ဏသာမရသေ့ငယ်ကို သားသမင်ထင်ကာ မြားဖြင့် ပစ်ခတ်မိ လေသည်၊ ရသေ့ငယ်လည်း မြားဆိပ်သင့်ကာ သေငယ်ဇောဖြင့် မေ့မြောနေခဲ့ပါသည်။
ထိုအခြင်းအရာကို သိသော သိကြားမင်းက ရသေ့ငယ်၏ မိဘများကို ““သင်တို့ မပူပန် မပူဆွေးကြနှင့်၊ သင်တို့ အနေနဲ့
၁။ သား အသက်ရှင်သန်မှု
၂။ သင်တို့ မျက်စိပြန်မြင်မှု
၃။ ရွှေအသပြာများထည့်ထားသည့် ရွှေအိုး-
အဆိုပါ သုံးမျိုးထဲက သင်တို့ လိုချင်တဲ့ တစ်မျိုးမျိုးကို တောင်းနိုင်ပါသည်”” ဟု ပြောလေသည်။
ထိုအခါ ရသေ့ငယ်၏ မိဘများဖြစ်ကြတဲ့ ဒုကူလနှင့် ပါရိကာ တို့က စကားသုံးမျိုး(ဆု သုံးမျိုး)ကို တစ်မျိုးတည်း ပြီး မြောက်အောင် ပြောဆိုသည်မှာ-
““ သား ရွှေအိုးထမ်းလာတာကို မြင်လိုပါသည်””ဟု အားလုံးပါအောင် သိမ်းပိုက်ပြောဆိုနိုင်ခဲ့ပါသည်။
သို့ဖြစ်၍ စကားတစ်ခွန်းတည်းဖြင့် လိုရာကို ပြီးပြည့်စုံစွာ ရရှိခဲ့ကြပါသည်။ ။
ဤသို့သော စကားပြောနည်းမျိုးကို ““အိုးတန် ဆန်ခတ် စကားပြောနည်း””ဟု ဆိုစမှတ်ပြုခဲ့ကြပါသည်။

ရေစီး ဖောင်ဆန် စကားပြောနည်း (၃)


လှေ၊ ဖောင်များ မြစ်ညာသို့ ဆန်တက်သောအခါ လိုအပ်သမျှ ပစ္စည်းများကို တင်ဆောင်ပြီး ရေစီး ရေလာ ရေကြောင်း သွားလာမှုကို ကြည့်ကာ ဖြည်းညှင်းသာယာစွာ ဆန်တက်ပါက လိုရာခရီး ရောက်နိုင်သလို စကား ပြောဆိုရာတွင်လည်း အများနားထောင်ရတာ ခံသာ နားလည်အောင် ဥပမာ ဥပမေယျများနဲ့ လိုရာရောက် အောင် ဖြည်းညှင်းသာယာစွာ ပြောဆိုခြင်းသည် ““ရေစီး ဖောင်ဆန် စကားပြောနည်း““မည်ပါသည်။
ရေစီးဖောင်ဆန် စကားပြောနည်းကို ဥပမာပြရသော်-
ဒွါရာဝတီဘုရင်မင်းသည် တနင်္သာရီသို့ စစ်မက်ချီစဉ် ခဏစခန်းချနေကြောင်း ရာဇာဓိရာဇ်ဘုရင် သိသဖြင့် တနင်္သာရီသို့ စစ်ချီခြင်းအား သည်းခံပါရန် တောင်းပန်စကား ပြောဆိုလိုသဖြင့် ပညာရှိအမတ်တစ်ဦးကို သဝဏ်လွှာစာပို့ စေလွှတ်ခဲ့ပါသည်။
ထိုစာကို ဒွါရာဝတီမင်း ဖတ်ရသောအခါ စကားလုံးသုံးရာတွင် “အဆွေတော်” ဟု သုံးထားသည်ကို မနှစ်သက် သောကြောင့် အမျက်ဒေါသ ထွက်လေသည်။
ဒွါရာဝတီမင်း၏ ထင်မြင်ချက်မှာ အချင်းချင်းဖြစ်၍ ““အကြည်တော်” ဟူသော စကားလုံးသုံးတာကို လက်ခံလို စိတ် ရှိဟန်တူပါသည်။
ထိုအနေအထားကို သိမြင်သည့် ရာဇာဓိရာဇ်မင်း၏ အကင်းပါးသော ပညာရှိအမတ်က “အဆွေတော်” ဟူသော စကားလုံးသုံးခြင်းသည် ရှေးကျမ်းဂန်များ အစဉ်အလာအရ မည်မျှအဆင့်မြင့်မြတ်လှကြောင်းကို လျှောက်ထားခဲ့ သည်မှာ-
““မင်းမဖြစ်သေးသူ အချင်းချင်း ပြောဆိုဆက်ဆံကြရာဝယ် “အကြည်တော်” ဟုသာ သုံးစွဲခဲ့ကြပါသည်၊ ဧကရာဇ် မင်းဖြစ်သူ အချင်းချင်း “အဆွေတော်”ဟု သုံးစွဲခဲ့ကြပါသည်”” ဟု ရှေးထုံးသာဓကဖြင့် ဒွါရာဝတီမင်း နားဝင် အောင် လျှောက်ထားပြလေသည်။
ဒွါရာဝတီမင်းလည်း ရာဇာဓိရာဇ်မင်း၏ ပညာရှိအမတ်လျှောက်ထားချက်ကို လွန်စွာနှစ်ထောင်းအားရကာ ချီးမြှောက်မှုပြုခဲ့ပါသည်။
ဤသို့ စကားပြောရာတွင် တစ်ဖက်သား နားဝင်အောင် လိမ္မာပါးနပ်စွာ ပြောဆိုခြင်းမျိုးကို ““ရေစီး ဖောင်ဆန် စကားပြောနည်း”” ဟု မြန်မာတို့ ဆိုစမှတ် ပြုခဲ့ကြပါသည်။

ကောက်ပင် ရိတ်လှီး စကားပြောနည်း (၂)


ကောက်ရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် သိမ်းယူကာ တံစဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူရသလို
တစ်ဖက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည်
`ကောက်ပင်ရိတ်လှီး စကားပြောနည်း`မည်သည်။
ကောက်ပင်ရိတ်လှီး စကားပြောနည်းကို သာဓက အနေဖြင့် ပုံပြင်တစ်ခု ဆိုစမှတ်ပြုခဲ့သည်မှာ-
ရှေးအခါက ဥစ္စာဓန ပေါကြွယ်ဝသည့် သူဌေးသားတစ်ဦးဟာ မြားပစ်ရာတွင် အလွန်ကျွမ်းကျင်လှပါသည်။
တစ်ခါတော့ သူဌေးသားသည် ဗျိုင်းငှက်တစ်ကောင်ကို လွယ်လင့်တကူ ပစ်ယူရရှိခဲ့ရာ ဗျိုင်းငှက်အနီး မလှမ်း မကမ်းတွင် ရှိနေသူ တစ်ဦးက အကြံအဖန် အမြတ်ထုတ်လိုသဖြင့် သူဌေးသားပစ်လိုက်သော ဗျိုင်းငှက်သည် ၎င်း၏ ဗျိုင်းငှက်ဖြစ်ကြောင်း၊ ထိုဗျိုင်းငှက်သည် နေ့စဉ် ရွှေစင်တစ်ကျပ်သား ချီ၍ သူ့အား ပေးကြောင်း အလျော် ရရေး စကားဆိုသည်။
ထိုအခါ သူဌေးသားက သင်၏ ဗျိုင်းငှက်သည် ယခုလို နေ့စဉ် ရွှေစင်တစ်ကျပ်သား ချီ၍ ပေးခဲ့သည်မှာ မည်မျှ ကြာနေပြီ နည်းဟု မေးသည့်အခါ ဗျိုင်းရှင်ဟု ဆိုသူက ၃၆၅-ရက် (တစ်နှစ်)ခန့် ကြာပြီ ဖြစ်ကြောင်း ပြောသည့် အခါ သူဌေးသားက ဒီလိုဆိုလျှင် ငါ့အိမ်ရှေ့တွင် ခင်းကျင်းထားသော ရွှေပြား ၃၆၅-ချပ် ပျောက်ဆုံးနေသည်မှာ သင့်ဗျိုင်းငှက် ခိုးယူခဲ့တာဖြစ်သည်၊ သင့်မှာလည်း ခိုးရာပါ ပစ္စည်း လက်ခံထားသူဖြစ်ရာ အမြန်ပေးလျော်ရမည်။
မလျော်နိုင်က တရားစွဲဆို အရေးယူမည်ဟု ပြောကြားသောအခါ ဗျိုင်းရှင်ဆိုသူမှာ မနေဝံ့ဘဲ ရွှေပြားများကိုလည်း မလျော်ပေးနိုင်သဖြင့် အပြစ်မှ ခွင့်လွှတ်ပါရန် သူဌေးသားကို ကြောက်ရွံ့ထိတ်လန့်စွာ တိုးလျှိုးတောင်းပန်ရ လေသည်။
ဤကဲ့သို့ တစ်ဖက်သား ပြောသည့်စကားပေါ် အခြေခံကာ အပိုင်စီးနင်း ပြောဆိုခြင်းသည် -ကောက်ပင် ရိတ်လှီး စကားပြောနည်း- ဟု ဆိုစမှတ် ပြုကြပါသည်။

ရေကူး ညာတင် စကားပြောနည်း (၁)


ြမန်မာတို့သည် မြန်မာစကား မြန်မာစာပေဟူ၍ အခိုင်အမာ သမိုင်းရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်၊ ထို့ပြင် မြန်မာ တို့သုံးသော စကားလုံးများသည် အလွန်တရာ ပေါများကြွယ်ဝ အဓိပ္ပါယ်လည်း လေးနက်လှပေသည်။
သံခင်းတမန်ခင်း ပြောဆိုခြင်းမှအစ လူမှုရေး နယ်ပယ်အတွင်း မိမိဆောင်ရွက်ကြသည့် ကိစ္စများအပေါ် မူတည်၍
ဥပမာ ဥပမေယျများဖြင့် ပြောဆိုတတ်ကြပါသည်။
စကားပြောဆိုရာတွင် ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။
မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ကြသည်။
သိသူများလည်းရှိသလို မသိသေးသူများလည်း ရှိကြပါသည်၊ ထို့ကြောင့် ဗဟုသုတအတွက် နေ့စဉ်ထုတ်သတင်း စာများမှ စုစည်းထားသည်များကို တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

ယင်း ၁၀-မျိုး၏ အမည်များကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန်
သုံးပုံတံချူကျမ်းမှာ အောက်ပါအတိုင်း လင်္ကာစီထားပါသည်-
-ရေကူး ညာတင်
-ကောက်ပင်ရိတ်လှီး
-ရေစီး ဖောင်ဆန်
-အိုးတန် ဆန်ခတ်
-ဆီပွတ် ကျည်ပွေ့
-ဆင်ဝှေ့ ရန်ရှောင်
-တောင်သူယာခုတ်
-ကြက်ဆုတ်ခွပ်ပစ်
-ရေစစ်သည့်အင်
-ခက်တင် မောင်းနင်း
အခြင်းဆယ်ပါး၊ ဤစကားကို၊ မှတ်သား ၀မ်းတွင်း လေ့စေမင်း။ -ဟု ဖြစ်ပါသည်။

ရေကူးညာတင် စကားပြောနည်း (၁)
မြစ်တစ်ဖက်မှ လိုရာဖက်ကမ်းသို့ ကူးလိုလျှင် မြစ်ညာမှ စတင်၍ ကူးမှ လိုရာသို့ စတင် ရောက်သကဲ့သို့
မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူးပြောဆိုခြင်းသည် -ရေကူး ညာတင်-စကားပြောနည်း
မည်သည်။
ရေကူးညာတင်စကားပြောနည်းဖြင့် ပြောဆိုခဲ့သည့် ပုံပြင်ထုံးတစ်ခုကို သာဓကပြ၍ ပြောဆိုရပါလျှင်
တစ်ခါက သူဌေးသားတစ်ဦးသည် ၀မ်းတွင်းမှာ အူထုံးဖွဲ့နေရာ သမားတော် ဇီဝကသည် ရက်သတ္တပတ် တစ်ပတ်မျှ ကုသလျှင် ပျောက်နိုင်မည်ဟု သိသော်လည်း သူဌေးသား ကြောက်ရွံ့ငြင်းဆန်မည်စိုး၍ ကုသရန် မလွယ်ကြောင်းနှင့် ခုနစ်လအိပ်မှ ကုနိုင်မည်-ဟု ပြောဆိုခဲ့ပြီးနောက် တဆင့်ချင်း လျော့ချ၍ ငါးလ သုံးလ တစ်လ အချိန် အိပ်ရမည်ဟု အချိန်တောင်းဆိုခဲ့သည်။
နောက်ဆုံး အမှန်တကယ် အချိန်ကုန်မည့် ရက်သတ္တ တစ်ပတ်လောက် အိပ်ရာထဲတွင် နေပါမည်ဟု သူဌေး သားက သဘောတူ လိုက်လျောခဲ့ရာ ခုနစ်ရက် အိပ်ပျော်စေပြီး ထုံးနေသော အူကို လွယ်ကူစွာ ဖြေရှင်းကာ
မူလအတိုင်း သွတ်သွင်း၍ ခွဲစိတ်မှု ပြီးမြောက်စေခဲ့ပါသည်။
ဤကဲ့သို့ မိမိလိုရာ နောက်ဆုံးရောက်အောင် ကြိုတင်၍ အမြင့်မှ အဆင့်ဆင့် လျော့ချပြောဆိုခြင်းကို
-ရေကူး ညာတင် စကားပြောနည်း- ဟု မှတ်သားကြပါသည်။ ။ ။ (23-9-2006)

၀ီရိယအကျိုး ကံထက်၀က်


လူတိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြပါလိမ့်မယ်၊ ကိုယ့်မှာလည်း ရှိပါတယ်။
ကံကောင်းသူများ အတွက် အချိန်တိုအတွင်း ရာနှုန်းပြည့် ထင်သလောက် ပေါက်ရောက်မယ်။
ကံမကောင်းသူများအတွက်တော့ အချိန်ကြာပြီး ရာနှုန်းပြည့် ထင်သလောက် မပေါက်ရောက်နိုင် ပေမယ့်  ““၀ီရိယအကျိုး ကံထက်ဝက်”” ဆိုတဲ့ စကားလေးကို မဏ္ဍိုင်လုပ်ပြီး လုပ်ကိုင်ရမယ်။
တစ်ခါတစ်လေမှာ စကားလေးတစ်ခွန်းကလည်း အင်နာဗွန်စီ အားဆေးတစ်လုံးထက် အဆပေါင်း မြောက်များစွာ သာလွန်တာ အားပေးတတ်တာကို သတိထားမိကြမယ်ထင်ပါတယ်။
““ကံမကောင်းဘူးကွာ””ဆိုပြီး လက်မှိုင်ချကာ ထိုင် မငိုင်နေသင့်ဘူးလေ။
နောက်ပြီး အဆိုအမိန့်တစ်ခုကို ကြားဖူးပါတယ်၊
““၀ီရိယဆိုတာ အထက်တန်းရောက်နိုင်ရေး ထိပ်တန်းရောက်နိုင်ရေးအတွက် အဓိကကျသော သွေးကြောပင် ဖြစ်သည်”” တဲ့လေ။
ဘဝမှာ အထွတ်အထိပ် ရောက်သူတွေရဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင်
သူတို့တွေဟာ
၁။ အနဝသေသပယောဂ- အကြွင်းအကျန်မရှိ အလုပ်လုပ်ကြတယ်။
၂။ သက္ကစ္စကာရိတာ- ရိုရိုသေသေ အလုပ်လုပ်ကြတယ်။
၃။ သာတစ္စကာရိတာ- အမြဲမပြတ် အလုပ်လုပ်ကြတယ်။
၄။ စိရကာလာဒိယောဂ- ကြာကြာ အလုပ်လုပ်ကြတယ်။ (စရိယာပိဋက အဋ္ဌကထာ)
အဲဒါကြောင့် ဘယ်သူပဲ ဖြစ်ဖြစ် ကြိုးစားသင့်တယ်၊ ကြိုးစားရင် ဘယ်သူပဲဖြစ်ဖြစ် တစ်နေ့မှာ တစ်စုံတစ်ခုသော မှီခိုရာ အားကိုးရာကို ရမှာ ဖြစ်ပါတယ်လို့
အားလုံးကို အားပေးလိုက်ပါတယ်...။